ကျောင်းပြင်ပရောက်နေသည့် အသက် ၁၅ နှစ်အောက် ကလေးများသည် အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုခွင့် အစီစဉ်တွင် ပြင်ဆင်ချိန်မလုံလောက်သဖြင့် ကလေးများအတွက် အခက်အခဲရှိနိုင်ကြောင်း ကျောင်းသားမိဘနှင့် ဆရာ၊ ဆရာမများက ပြောသည်။
စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော Grade 2 မှ Grade 9 အထိ ကျောင်းသားများအား Placement Test (အထူးအစီအစဉ်) ဖြင့် အသက်အရွယ်နှင့် ကိုက်ညီသည့်အတန်းများတွင် ပြန်လည်တက်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ Placement Test ကို ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လျှောက်လွှာများကို မေ ၂၂ ရက်မှ ဇွန် ၅ ရက်အထိ မြို့နယ်ပညာရေးမှူးရုံးများတွင် အခမဲ့ထုတ်ယူ လျှောက်ထားနိုင်ကြောင်း သိရသည်။

“ နွေရာသီ ကျောင်းပိတ်ရက်ကတည်းက ကြိုပြောထားရင်တော့ ကလေးတွေအတွက် ပြင်ဆင်ချိန်ရတာပေါ့။ အခုမှ လာကြေညာတော့ စာနဲ့ဝေးနေတာကြာတဲ့ ကလေးတွေက အချိန်မမီနိုင်ဘူး။ ကျွန်မကလေးက ၇ တန်းနဲ့ ရပ်သွားရတယ်၊ စာမေးပွဲလည်း မဖြေလိုက်ရဘူး။ အဲအချိန်က ကျုံလောင်းတိုက်ပွဲဖြစ်လို့ ထိုင်းကို ကျွန်မနဲ့အတူ ခလေးကိုခေါ်လာတာ။ ဘယ်လိုပဲ ကျောင်းပြန်တက်ဖို့ ထုတ်ပြန်ချက်တွေထုတ်ထုတ် မြန်မာမှာမထားချင်တော့ဘူး၊ မလုံခြုံလို့ပါ။ “ဟု ရေးမြို့နယ်ရှိ စစ်ရှောင်အမျိးသမီးတစ်ဦးက ပြောသည်။
Placement Test အတွက် ကျောင်းသားများ အချိန်တိုအတွင်း ပြင်ဆင်ရမည်ဖြစ်သည့်အပြင် ပြင်ပရောက် ကလေးအများစုသည် ပညာရေးအပေါ် စိတ်ဝင်စားမှုလည်း ကျဆင်းနေကြောင်း ကျောင်းဆရာတစ်ဦးက သုံးသပ်သည်။
Placement Test ဖြေဆိုရာတွင် ကျောင်းသားများသည် မိမိအသက်အရွယ်အရ တက်ရောက်ရမည့်အတန်း၏ အောက်တစ်ဆင့်အတန်းကို ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်ပါက သတ်မှတ်အတန်းသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
“ကလေးတွေက တော်တော်ကြိုးစားမှ ရမှာပေါ့။ Placement Test အတွက် ပြင်ဆင်ချိန်က တစ်လတောင်မရှိဘူးဆိုတော့ ကလေးတွေအတွက် အခက်အခဲများနိုင်တယ်။ အထူးသဖြင့် ဒေသဘက်က ကလေးတွေဆိုရင် စာနဲ့ဝေးနေတာကြာဆိုတော့ စိတ်ဝင်စားမှုနည်းတယ်။ ပြီးတော့ ကိုယ့်ဘာသာစကားမဟုတ်တော့ ပိုအခက်ဖြစ်တယ်။ ဝင်ဖြေတာ ကိုယ်က ရှုံးသွားရင် ပြင်ပအနေနဲ့နေရမှာပေါ့၊ လေ့လာသွား၊ နောက်နှစ်ပြန်ဖြေဖို့အတွက် အဲလိုမျိုးပေါ့” ဟု ကျိုက်မရောမြို့နယ်ရှိ ကျောင်းဆရာတစ်ဦးက ပြောသည်။
Placement Test စာမေးပွဲများကို လာမည့် ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိ သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနများတွင် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များအတွက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ယခင်က ပညာသင်ယူခဲ့ဖူးသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး စာမေးပွဲရလဒ်များကို ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
ထို့ပြင် ကျောင်းထောက်ခံချက် မတင်ပြနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် စိစစ်လက်ခံပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Placement Test အောင်မြင်သူများ၏ အမည်စာရင်းကို ဇူလိုင် ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက် ထုတ်ပြန်သွားမည်ဖြစ်ပြီး အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာကျောင်းများတွင် ပြန်လည်တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။



