Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် အသတ်ခံရသူနှစ်ဦးသည် MPT ဖုန်းတာဝါတိုင်ပြင်သူများဖြစ်ဟုဆို

သံဖြူဇရပ်မြို့နယ်တွင် အသတ်ခံရသူနှစ်ဦးသည် MPT ဖုန်းတာဝါတိုင်ပြင်သူများဖြစ်ဟုဆို

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအနီးတွင် သတ်ဖြတ်ခံရသည့် အမျိုးသားနှစ်ဦးသည် MPT ဖုန်းတာဝါတိုင်ပြင်သူများဖြစ်သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ထင်းရူးကျေးရွာအနီး သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်းဘေးတွင် လက်ပြန် ကြိုးတုပ်ပြီး ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် မှောက်လျက်အနေအထား သေဆုံးနေသည့် အမျိုးသားအလောင်းနှစ်လောင်းကို ဒေသခံတို့က တွေ့ရှိခဲ့သည်။

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားနှစ်ဦးသည် မေလ ၁၉ ရက်နေ့က ကားဖြင့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ တာဝါတိုင်ရှိ မီးစက် ပြုပြင်ရန် သွားရောက်ခဲ့ကြရမှ ပြန်လည်ရောက်ရှိလာခြင်းမရှိပဲ နောက်တနေ့ မေလ ၂၀ ရက်နေ့တွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို MPT ဖုန်းတာဝါတိုင် ပြင်သူ နှစ်ဦးသည် အသက် ၂၀ ကျော်နှင့် အသက် ၃၀ ကျော်လူငယ်များဖြစ်ကြပြီး သံဖြူဇရပ်မြို့ အောက်ဇေယျရပ်ကွက်တွင် နေထိုင်နေကြသူများ ဖြစ်သည်။

“အသတ်ခံရတဲ့နှစ်ဦးက MPT ဖုန်းတာဝါတိုင် ပြင်သူတွေဖြစ်တယ်။ သူတို့က ဝဲခမိဘက် သွားပြီး ပြန်မရောက်ဘူး။ နောက်နေ့ အလောင်းတွေ့တော့ သူတို့ဖြစ်နေတယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

MPT ဖုန်းတာဝါတိုင် ပြင်သူ နှစ်ဦးကို မည်သူက မည်သည့်အကြောင်းကြောင့် ယခုလို သတ်ဖြတ်သွားသည်ကို မသိရှိရသေးပဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက သံဖြူဇရပ်မြို့မရဲစခန်းတွင် (ပ) ၆၀/၂၀၂၆၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၄ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမှုဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း ရေး-သံဖြူဇရပ်ကားလမ်း‌ဘေးတွင် လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သေးသည်။

သံဖြူဇရပ်မြို့နယ်အတွင်း သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ယခုသီတင်းပတ်အတွင်း ရုပ်အလောင်းများ တွေ့ရှိမှု ဆက်တိုက်ရှိနေသဖြင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။

“ဒီဘက်မှာက လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း များတယ်လေ။ အဲလိုအခြေအနေရှိနေတော့ သွားတာ လာတာတော့ သတိထားရတယ်။ အထူးသဖြင့် ဒေသခံ မဟုတ်တာတွေဆိုရင် မလွယ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ပစ်ခတ်သတ်ဖြတ်ခံရမှုလည်း ဆက်တိုက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts