မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာတွင် အုပ်ချုပ်ရေးမှူးထံ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ဖမ်းဆီးခံထားရသည့် ဒေသခံလူငယ်နှစ်ဦး စစ်မှုထမ်းသင်တန်းသို့ အဓမ္မပို့ဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ဆိုသည်။
ခိုးမှုနှင့် ရမ်းကားမှုဖြင့်ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက အသက် ၁၇ နှစ်အရွယ်ရှိ ကွမ်လှာရွာခံလူငယ် ၂ ဦး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ထံ ဖမ်းဆီးခံရပြီး ကမာဝက်မြို့ရဲစခန်းတွင် အရေးယူခံထားရကြောင်း သိရသည်။
၅ လအကြာတွင် ဖမ်းဆီးရသည့် ဒေသခံလူငယ်နှစ်ဦးအနက် တစ်ဦးကို မိသားစုများထံ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း၊ ထိုမှတစ်ဆင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ဆက်လက်ပို့ဆောင်ခံထားရကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် အဆိုပါလူငယ်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်ဝိုက်ရှိ ရှေ့တန်းစစ်မြေပြင်တွင်ရောက်ရှိနေသည်ဟု ပြောသည်။

မိသားစုနှင့်နီးစပ်သူက "အဲ့ကလေးက ဟိုတလောကပဲ ကွမ်လှာက သူ့သူငယ်ချင်းဆီ ဖုန်းဆက်လာတယ်။ သူ့အကြောင်း သူပြောပြတယ်။ လက်ရှိ စစ်တွေမြို့ရောက်နေတယ်တဲ့၊ စစ်မျက်နှာပြင်မှာတဲ့၊ ဒါမဲ့ အဲ့နောက်ပိုင်း ဘာအဆက်သွယ်မှလည်း မရတော့ဘူး”ဟု ၎င်းက ဆိုသည်။
အလားတူ ကျန်ရှိနေသည့် လူငယ်တစ်ဦးကို ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း အုပ်ချုပ်ရေးမှုးဘက်မှ ပြောဆိုထားသည့်နောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေသဖြင့် စစ်မှုထမ်းသင်တန်းသို့ ရောက်ရှိနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်နေကြသည်။
“၃ လကျော်တော့ ၅ လပြည့်ခါးနီးလည်း မရောက်သေးတော့ ကလေးအမေက အုပ်ချုပ်ရေးမှူးကို ထပ်မေးတယ်။ အုပ်ချုပ်ရေးမှူးက ကျိုက်မရောအကျဉ်းထောင်ကို ပို့လိုက်ပြီးတဲ့၊ ကျိုက်မရောကနေ သထုံကို ပို့လိုက်တဲ့ အချိန်မှာ ထောင်ကားကနေ ဆင်းခုန်တော့ ပျောက်သွားတယ်တဲ့”ဟု အထက် ပါသူက ဆက်ပြောသည်။
မိသားစုဝင်များဘက်မှ ၎င်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် အတိအကျဖြေရှင်းချက် မရရှိခဲ့သည့်အပြင် ဒေသအုပ်ချုပ်ရေးဘက်မှ “မကျေနပ်ပါက ကိုယ်တိုင်ရှာဖွေရန်” ဟုသာ ပြောကြားခဲ့ကြောင်းဆိုသည်။
ယခုဖြစ်စဉ်အပေါ် မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သူတစ်ဦးက “ဒီကိစ္စကို MUP ကိုရော သံဖြူဇရပ်က ဆက်ဆံရေး ရုံးကိုရော အကျိုးအကြောင်းပြောပြပြီး ဘယ်လိုလုပ်လို့ရမလဲဆိုတာ လာပြီးအကူအညီ တောင်းနေတာရှိတယ်။ ဒါမဲ့ ကျနော်တို့ အနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးလို့ မရသေးဘူး”ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းတပ်သား ခေါ်ယူရန်ခက်ခဲနေသည့် ကွမ်လှာရွာတွင် အဆိုပါလူငယ်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းကိစ္စ မကြားရတော့ဘဲ လူငယ်နှစ်ဦးကို အစားထိုးအသုံးပြုလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသခံများက လူငယ်နှစ်ဦး၏ လက်ရှိအခြေအနေကို စိုးရိမ်နေကြပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
စစ်ကော်မရှင်မှ လာမည့် မေလ ၂၅ ရက်နေ့အတွက် ခေါ်ယူမည့် စစ်မှုထမ်းအပတ်စဉ် ၂၄ အတွက် သက်ဆိုင်ရန် နယ်မြေအလိုက် စစ်မှုထမ်းရန် မဲနှိုက်၍ နေအိမ်အထိ နေအိမ်အထိ လိုက်လံခေါ်ယူမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။



