တနင်္သာရီတိုင်း၊ နင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တစ်ရက်အတွင်း စစ်တပ်မှ လေယာဉ်ဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
မောတောင်မြို့အတွင်းသို့ ယမန်နေ့ မေလ ၁၄ ရက်နေ့တွင် ညနေ ၄ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ် စစ်တပ်မှ Jet Fighter လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထိန်းချုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်၍ ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ချင်လို့ပါနော် လေယာဉ်နဲ့ ဗုံးလာကြဲတာ နေ့တိုင်းနီးပါးပဲ။ သူတို့က တိုက်ပွဲဖြစ်လဲကြဲတယ် မဖြစ်လဲ ကြဲတယ်။ မြေပြင်အင်အားကို လေကြောင်း ညှပ်တိုးနေတာ မြေပြင်စစ်ကြောင်းထိုးတာနဲ့ အချိန်ကိုက်ကြဲတာ အဲလို့ပေါ့။” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို Jet Fighter လေယာဉ်များဖြင့် စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်သဖြင့် လသားအရွယ် ကလေး ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အင်းအာရာကျော်ရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းက မောတောင်မြို့ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တို့နှင့် မောတောင်မြို့ အမှတ် ၁၁ အနီးတဝိုက်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကော်မရှင်အဖွဲ့မှ လေကြောင်းအားကိုးပြီး တိုက်ခိုက်နေသည့်အတွက် စစ်တပ်ဘက်က အသာစီးရနေကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။
“သူတို့ အင်းအားက ၁၀၀/၂၀၀ လောက်ရှိမယ်။ အဲ့ထက်များရင်လည်း များနိုင်တယ်။ နည်းဖို့မရှိဘူး။ ပိုဖို့ဘဲရှိတယ်။ မြေပြင်မှာ လေကြောင်းနဲ့ ဖိတက်တာဆိုတော့ သူတို့သာနေတဲ့သဘောပေါ့။ အခြေနေကတော့ သိပ်မကောင်းဘူး။ တိုက်ပွဲက အမှတ် ၁၁ ဘက်မှာ ဖြစ်နေတယ်။ နှစ်ဖက်အကျအဆုံးတွေလည်း ရှိတယ်” ဟု ဆိုသည်။
မောတောင်မြို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုအားကောင်းသည့် ၆ မိုင်နှင့် ဘန်လောကျေးရွာဘက်သို့လည်း အပြည့်အဝ ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင် စခန်းအတွင်း စစ်အင်အားများ ပြန်လည်ဖြည့်တင်းထားသည်ဟု သိရသည်။
ခြေလျှင်တပ်ရင်း အမှတ် (၂၂၄) အပါအဝင် ရဲများနှင့် ပြည်သူ့စစ်များ တပ်စွဲထားပြီး အမြှောက်ကုန်းတစ်ခုရှိသော မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် နိုင်ဝင်ဘာ ၁၄ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။




