ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ အစည်း “Bright Future” ၏ ခေါင်းဆောင်တစ်ဦး တိုက်ခိုက်ခံရမှုကို ပြည်သူ့ပါတီ (People’s Party) က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း (နိုဝင်ဘာ ၂ ရက်) ထိုင်းသတင်းတွင် ဖော်ပြသည်။
ပါတီ၏ ထုတ်ပြန်ချက်အရ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စခန်းများဆိုင်ရာ မူဝါဒအပြောင်းအလဲများ ပြုလုပ်ပေးရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်နေစဉ် လူတစ်စုက Bright Future အဖွဲ့ခေါင်းဆောင်အား ကိုယ်ထိလက်ရောက် ကျူးလွန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို အကြောင်းပြ၍ အကြမ်းဖက်မှုကို မည်သည့်အခါမျှ လက်မခံနိုင်ကြောင်း၊ ထိုင်းနိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမားဖြစ်စေ ဥပဒေအောက်တွင် အားလုံး တန်းတူညီမျှ အကာအကွယ်ရရှိရန် အခွင့်အရေးရှိကြောင်း ပါတီက ထုတ်ပြန်ကြေညာထားသည်။

ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူတိုင်းတွင် အသက်ရှင်သန်ခွင့်နှင့် ကိုယ်ခန္ဓာလုံခြုံမှုရှိရန် အခွင့်အရေးရှိပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ ဥပဒေ၏ အကာအကွယ်ကို တန်းတူရယူပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံရေးအရ တောင်းဆိုမှုများနှင့် ဆန္ဒပြမှုများတွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုထက် ဆွေးနွေးညှိနှိုင်းမှု သို့မဟုတ် တရားဝင် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းသာ ဖြေရှင်းသင့်ကြောင်း ပါတီက အလေးပေး ဖော်ပြခဲ့သည်။
ထို့အပြင် ပြည်သူ့ပါတီ (People’s Party) က သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်မှုကို ရပ်တန့်ရုံမျှဖြင့် ရပ်မနေဘဲ အဆိုပါဖြစ်ရပ်အတွက် ဗီဒီယိုမှတ်တမ်းများ အပါအဝင် သက်သေအချက်အလက်များကို စုဆောင်းကာ တရားခံများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားသည်။
နိုင်ငံသားဖြစ်မှု၊ တရားဝင် နေထိုင်ခွင့် အခြေအနေ သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်အပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်းမရှိဘဲ တရားမျှတစွာ စစ်ဆေးဖော်ထုတ်သွားရန်နှင့် “နိုင်ငံတွင်းရှိ ဥပဒေများသည် တစ်သားတည်း ခံယူချက်ရှိသူများကိုသာ ကာကွယ်ပေးပြီး သဘောထားကွဲလွဲသူများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို လျစ်လျူရှုနေမည်ဆိုပါက ဥပဒေစိုးမိုးရေးဆိုသည်မှာ အဓိပ္ပာယ်မရှိတော့ပေ” ဟု ပြည်သူ့ပါတီ (People’s Party) က တောင်းဆိုထားသည်။
ကိုးကား-Khaosod English




