ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှတဆင့် မွန်ပြည်နယ်အတွင်းသို့ တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဖမ်းဆီးနေသည့်အတွက် ကုန်ပစ္စည်းတင်သွင်းမှုများ ရပ်တန့်လုနီးပါး ဖြစ်နေသည်ဟု ကုန်သည်နှင့် ကားသမားတို့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ကပင် ဘုရားသုံးဆူကနေ ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကား ၁၂ စီး မော်လမြိုင်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။
စက်တင်ဘာလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှတဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားအစီး ၆၀ ကျော်ကို စစ်ကော်မရှင်တပ်၊ ရဲ ပူးပေါင်းအဖွဲ့တို့က ကျိုက်မရောတွင် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းကနေ ယခုအောက်တိုဘာလအထိ ဘုရားသုံးဆူနယ်စပ်ကနေ ထိုင်းကုန်ပစ္စည်းများ တင်ဆောင်သည့် ကားအစီးရေ ရာနှင့်ချီ ဖမ်းဆီးခံထားရပြီး ယနေ့အထိ ပြန်ရွေး၍ မရသေးကြောင်း ကုန်သည်အသိုင်းအဝိုင်းတို့ထံမှ သိရသည်။
“ဖမ်းနေတော့ တချို့ကလည်း ရပ်ထားကြတယ်။ တချို့ကလည်း ပစ္စည်းတွေ သယ်ချပြီးတော့ တနေရာမှာ ချထားပြီးတော့ အခြေအနေစောင့်ကြည့်နေတယ်။ ပစ္စည်းတွေ သူတို့ (စစ်တပ်) ဂိတ်တွေကို ငွေအများကြီးပေးပြီး ဖြတ်လာခဲ့ရတယ်။ မော်လမြိုင်ရောက်မှ အဖမ်းခံရတော့ ကုန်သည်တွေ ဒုက္ခပေါင်းစုံပါပဲ” ဟု ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်နေသည့် ကားသမားတစ်ဦးက ပြောသည်။
ထိုင်းကုန်ပစ္စည်းများကို ကျိုက်မရာမြို့အဝင်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များကို ဂိတ်ကြေးပေးပြီး ဖြတ်သန်းလာပြီးမှ မော်လမြိုင်မြို့အဝင်တွင် ဖမ်းဆီးခံနေရခြင်းဖြစ်သည်။
ထိုင်းကုန်ပစ္စည်းများကို တင်သွင်းလာသည့် လမ်းကြောင်းများတွင် ဖမ်းဆီးနေသည့်အပြင် ဈေးကွက်တွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။
ထိုင်းကုန်ပစ္စည်း ဖမ်းဆီးခြင်း၊ သိမ်းဆည်းနေခြင်းကြောင့် စျေးကွက်တွင်လည်း ထိုင်းကုန်ပစ္စည်းများ ပြတ်လပ်လာသည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မွန်ပြည်နယ်စျေးကွက်တွင် ရောင်းချနေသည့် စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ အစရှိသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအများစုသည် မြဝတီ၊ ဘုရားသုံးဆူနယ်စပ်မှတဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်သည်ဟု စျေးကွက်အတွင်းမှ သိရသည်။




