တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် အမျိုးသားတစ်ဦးသည် မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားခဲ့ကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်တို့၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အသက် ၃၂ အရွယ်ခြောက်မိုင်ရွာခံ ဦးမျိုးဝင်းသည် ခြံထဲ သရက်သီး သွားခူးစဉ် ခြံထဲတွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ခြောက်မိုင်ရွာမှာပဲ ထိသွားတာ။ သူက ခြံမှာ သရက်သီးသွားခူးရင်းနဲ့ မိုင်းကို နင်းမိသွားတာ။ သရက်ပင်နားမှာပဲ ထိသွားတာ။ ခြေထောက်မှာ ထိသွားတယ်။ ခြေထောက်လဲ ပြတ်သွားလာမသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်သွားသည့် ဦးမျိုးဝင်းသည် တနင်္သာရီမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။
မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ ခြောက်မိုင်ကျေးရွာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းများ မကြာခဏ ဝင်ထွက်သွားလာလေ့ရှိသည်။
လက်ရှိတွင် ငါးမိုင်၊ ခြောက်မိုင်ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ဘောဓိကမ်း-ညောင်ပင်ကွင်းလမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများ ကျေးရွာအတွင်း မနေထိုင်ကြရန်နှင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သတိပေးပြောဆိုထားသည်။
သို့သော် ဒေသခံကျေးရွာအချို့သာ ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြသော်လည်း ဒေသခံအများစုသည် ကျေးရွာအတွင်း၌ပင် ဆက်လက် နေထိုင်နေကြဆဲ သိရသည်။
“စစ်တပ်က ခြေက်မိုင်ရွာကို အဝင်အထွက်လုပ်နေတော့ မိုင်းအများကြီးထောင်ထားတာ နင်းစရာနေရာတောင် မရှိဘူး။ တိုက်ပွဲလဲ နေ့တိုင်းလိုလိုဖြစ်နေတာ ရွာထဲမှာရော အနီးတဝိုက်မှာရော အဲ့ကြောင့် ရွာမှာမနေဖို့ ပြောထားတယ်။ သူတို့ နေနေတုန်း အနည်းစုကပဲ ပြောင်းထားတာ။ အများက ရွာမှာပဲ ရှိနေတုန်း” ဟု မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။
ဧပြီလ ၃၀ ရက်နေ့က ခြောက်မိုင်ကျေးရွာတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့သေးသည်။




