စစ်အုပ်စုသည် ချက်နိုင်ငံထုတ် အရပ်ဘက်လေယာဉ်များကို စစ်ရေးများတွင် အသုံးပြုနေသည်ဟု သွေးစွန့်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (BMC) က မေလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အရပ်ဘက်လေယာဉ်များအား စစ်ဆင်ရေးများတွင် အသုံးပြုနေသော စစ်အုပ်စုကို အရေးယူရန်နှင့် ဆက်လက်မရောင်းရန် ချက်အစိုးရကို BMC က တိုက်တွန်းထားသည်။
စစ်အုပ်စုသည် လက်နက်အားကိုးဖြင့် အာဏာလုယူထားဆဲဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် အတုအယောင်ရွေးကောက်ပွဲပြီးနောက် စစ်အုပ်စုလွှတ်တော်နှင့်အတူ မိမိကိုယ်ကို ‘နိုင်ငံတော်သမ္မတ’ အဖြစ် ခန့်အပ်ထားကြောင်း ဆိုသည်။

မင်းအောင်လှိုင်သည် ပြည်တွင်းနှင့် နိုင်ငံတကာကို လှည့်ကွက်များစွာဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ်ကြောင်း ကြေညာနေချိန်တွင်ပင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် နေ့စဉ် အကြမ်းဖက် လေကြောင်း စစ်ဆင်ရေးများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း သွေးစွန့်ငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ ပြောသည်။
စစ်အုပ်စုက စစ်ဘက်တိုက်လေယာဉ်များကိုသာမက ချက်နိုင်ငံထုတ် လေကြောင်းလုပ်ငန်း Omnipol Group (အိုမနီပိုလ် အုပ်စု) မှ Let L410-UVP E20 Turbolet (Let L410) လေယာဉ်များကိုပါ အသုံးပြုလျက် ရှိနေသည်။
၂၀၂၅ ခုနှစ် ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေကြောင်းခြေရာခံ သုတေသန အချက်အလက်များအရ Let L 410 လေယာဉ်များကို ပုသိမ် လေတပ်စခန်းဌာနချုပ် နှင့် တံတားဦး လေတပ်စခန်းတို့တွင် အသုံးပြုခဲ့ကြောင်း ဆိုသည်။
၂၀၂၅ ဇွန်နှင့် ဇူလိုင်လတွင် စုစုပေါင်း ပျံသန်းရက် (၈) ရက်အတွင်း လေယာဉ် အတက်၊ အဆင်း ၁၆ ကြိမ် ရှိခဲ့ပြီး လေ့ကျင့်ရေးအတွက် ၃ ကြိမ်၊ သယ်ယူပို့ဆောင်ရေး မစ်ရှင်အတွက် ၂ ကြိမ် နှင့် အသုံးပြုမှုကို အတည်အပြုနိုင်သော သုံးစွဲမှု ၃ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း ခန့်မှန်းပျံသန်းချိန် အနည်းဆုံး ၁၃ နာရီ အသုံးပြုခဲ့ကြောင်း တွေ့ရှိထားသည်ဟု ဆိုသည်။
စစ်အုပ်စုသည် အရပ်သားအစိုးရအသွင်း ဟန်ဆောင်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေမှုကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း တရားဝင်မှု မပေးသင့်ကြောင်း၊ အရပ်ဘက်လေကြောင်း အသုံးပြု၍ အကြမ်းဖက်နေမှုကိုလည်း စုံစမ်းစစ်ဆေးသင့်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မြန္ဒာက ပြောသည်။
“အရပ်ဘက်လေကြောင်း ကွန်ရက်တွေကို စစ်ရေးအတွက် သုံးနေတာတွေ နောက်တစ်ခုက လေယာဉ်ဆီတွေ အရပ်ဘက်လေကြောင်းတွေ၊ လေယာဉ်ဆီတွေကို စစ်ဖက်မှာ သုံးနေတဲ့ကိစ္စတွေ ဒီလိုမျိုး ကိစ္စရပ်တွေကနေ တဆင့် အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်နေတဲ့ ကိစ္စရပ်တွေ ဒါတွေကို ဆက်လက်ပြီးတော့မှ ဖော်ထုတ်မယ်၊ ပူးပေါင်းဆောင်ရွက်မှု ဆက်ပြီးမှ လုပ်ရမယ်၊ အဲဒီလိုမျိုး မလုပ်ဘူးဆိုလို့ရှိရင် ပြည်တွင်းက အရပ်ဖက်အဖွဲ့တွေအနေနဲ့ ပြည်တွင်းမှာနေတဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ သီးခြားလုပ်ဖို့ဆိုရင်တော့ ခက်ခဲတယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ ပြည်တွင်းရော နိုင်ငံတကာ အသိုင်းအဝိုင်းကရော အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။
စစ်အုပ်စုက အရပ်ဘက်သုံး လေယာဉ်အသွင်ယောင်ဆောင်ကာ လေယာဉ်ဆီများ၊ လေယာဉ်အပိုပစ္စည်းများ၊ လေယာဉ်အတွက် အာမခံဝယ်ယူမှုများသည် လူ့အခွင့်အရေးနှင့်စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်သကဲ့သို့ နိုင်ငံတကာလေကြောင်းလုံခြုံမှုစနစ်ကိုလည်း ကျူးလွန်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့အထိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို အနည်းဆုံး ၆,၉၈၀ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အချက်အလက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၆ လအောက် ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ ၄,၂၉၉ ဦး သေဆုံးကာ ၇,၅၅၂ ဦးသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ချက်နိုင်ငံ အစိုးရအား စစ်အုပ်စုကို အရေးယူပေးပါရန် နှင့် မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့နေသော (သို့မဟုတ်) ပို့ဆောင်ရန် စီစဉ်ထားသည့် လေယာဉ်များအားလုံးကို ရပ်တန့်ပေးပါရန် သွေးစွန့်ငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က တောင်းဆိုထားသည်။





