Homeသတင်းဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့ကို ရပ်ကျေးအုပ်ချုပ်ရေးမှုးများ ညမထွက်ရအမိန့် ထုတ်ပြန်

ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့ကို ရပ်ကျေးအုပ်ချုပ်ရေးမှုးများ ညမထွက်ရအမိန့် ထုတ်ပြန်

-

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုကြောင့် ပြီးခဲ့သည့် ဧပြီလမှစတင်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများက ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဂျိုင်းမြစ်ဒေသအတွင်း ဖမ်းဆီးခံရမှုများကြောင့် လူပျောက်ဆုံးမှုဖြစ်စဉ်များ ရှိနေသည့်အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စစ်ကော်မရှင်နှင့် နီးစပ်သူများကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မေလ ၉ ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို မော်တော်ယာဉ်များ၊ အသံချဲ့စက်များဖြင့် ကျေးရွာအတွင်း လိုက်လံနှိုးဆော်ခဲ့သည်ဟု ခရားအပြင်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “စနေနေ့တုန်းက အုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ ရွာပတ်နှိုးဆော်ထားတာရှိတယ်။ သူတို့ပြောတာကတော့ လုံခြုံရေးအရပေါ့လေ။ အခုက အုပ်ချုပ်ရေးမှူးတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ပျောက်နေတာ။ ဒီလိုမျိုး အမိန့်မထုတ်ပြန်ရင်လည်း ဒေသခံတွေရော၊ အုပ်ချုပ်ရေးမှူးတွေရောက ညပိုင်းဆို အိမ်အပြင်မထွက်ရဲကြတော့ဘူး။ အရင်ကတည်းက ကြောက်နေရတဲ့ဒေသဆိုတော့ အခုဆို ပိုပြီးတော့တောင် ကြောက်နေရတယ်” ဟု ဆိုသည်။

ဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ကော့ကရိတ်မြို့အခြေစိုက် စစ်ကော်မရှင်သတင်းမီဒီယာဌာနတွင် လုပ်ကိုင်ခဲ့သူ ကော့ဘိန်းရွာသား နိုင်ကရေင် သည် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် သေဆုံးခဲ့သည်။ ထို့အပြင် မေလ ၆ ရက်နေ့ကလည်း အသစ်ခန့်အပ်ထားသည့် ကော့ဘိန်းရွာသား အတွင်းရေးမှူး နိုင်မြင့်အောင် နှင့် နောင်ခေတ်ရွာဥက္ကဋ္ဌ နိုင်လှထွန်း တို့ ဖမ်းဆီးခံခဲ့ရပြီး ယနေ့ထက်တို
င် သတင်းအစအန ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများအတွက် ဝင်ရောက်ရွေးချယ်ခံမည့်သူ မရှိသဖြင့် ဒေသတွင်းကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲသွားမည်ကို စိုးရိမ်ကြောင်းလည်း ဂျိုင်းမြစ်ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက “တချို့ရွာတွေကျတော့ ကြောက်လို့ တာဝန်ယူပေးမယ့်လူ မရှိဘူး။ အဲဒီလိုဖြစ်နေတော့ ဒေသခံတွေက သူတို့ယုံကြည်တဲ့လူကို အတင်းတောင်းဆိုပြီး ရွေးချယ်တင်မြှောက်လိုက်ကြတာမျိုး ရှိတယ်။ ရွေးချယ်ခံရတဲ့လူကလည်း အဲဒီရာထူးကို လိုချင်လို့လုပ်တာ မဟုတ်ပေမဲ့ ရွာတစ်ရွာမှာ အုပ်ချုပ်ရေးအဖွဲ့ကတော့ မရှိမဖြစ် ရှိနေဖို့ လိုအပ်တယ်လေ” ဟု ရှင်းပြသည်။

ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို သံသယစိတ်တစ်ခုတည်းဖြင့် ဖမ်းဆီးခြင်းမျိုး မလုပ်ဆောင်ရန်နှင့် စစ်တပ်သတင်းပေး (ဒလန်) ဖြစ်သည်ဆိုသည့် တိကျခိုင်မာသော သက်သေအထောက်အထားရှိမှသာ အရေးယူစေလိုကြောင်း ၎င်းက ဆက်ပြောသည်။

ဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ နောင်ခေတ်၊ မင်းရွာ၊ ခရားအတွင်း၊ ခရားအပြင် စသည့် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း တည်ရှိသည်။

လတ်တလောတွင် အဆိုပါကျေးရွာများ၌ စစ်ကော်မရှင်က ဦးဆောင်၍ အုပ်ချုပ်ရေးအဖွဲ့များကို ရွေးချယ်တင်မြှောက်နေသလို၊ မွန်ပြည်သစ်ပါတီ (သထုံခရိုင်) ထိန်းချုပ်ရာနယ်မြေများတွင်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ၌ ဦးဆောင်ပါဝင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts