မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာတွင် မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များကို မိုးတွင်းမရောက်မီ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန် ကရုပ္ပိကျေးရွာ မီးဘေးကော်မတီအဖွဲ့မှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
နေအိမ်ဖယောင်းတိုင်မီးမှတစ်ဆင့် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က မီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့သည့် ကရုပ္ပိကျေးရွာအနောက်ပိုင်း၊ အဏ္ဏဝါရပ်ကွက်တွင် အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၈) ဦးခန့် မီးဘေးသင့်ခဲ့ရသည်။
မီးဘေးသင့်ဒေသခံများအား ကရုပ္ပိကျေးရွာရှိ ရှင်ဥပဂုတ္တဓမ္မာရုံ မီးဘေးသင့်စခန်းနှင့် နီးစပ်ရာအသိမိတ်ဆွေ နေအိမ်များတွင် နေရာချထားပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို အလှူရှင်များက ဝိုင်းဝန်းထောက်ပံ့ပေးနေရကြောင်း သိရသည်။

“ လောလောဆယ်က အလှူရှင်တွေ နေ့တိုင်းအလိုလိုတော့ လာလှူနေတာရှိတယ်။ ဆန်၊ ဆီတို့ အစားအသောက်တွေ အဝတ်အစားတွေရော လာလှူကြတယ် ဘုန်းကြီးကျောင်းကနေပြီးတော့ လာလှူတယ် ပြည်ပကနေလဲလှူတယ် တခြားအဖွဲ့အစည်းကလဲ လာလှူနေတယ် ဒေသခံတွေလဲ ဝိုင်းလှူကြတယ် လောလောဆယ်က ဓမ္မာရုံမှာ သိပ်မနေကြဘူး သူတို့ရဲ့ ဆွေမျိုးအိမ်တွေမှ နေတာများတယ် ” ဟု ကရုပ္ပိကျေးရွာ မီးဘေးကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးဦးမကျမီ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရေး အကူအညီလိုအပ်နေသေးကြောင်းလည်း ဆက်ပြောသည်။
ကရုပ္ပိကျေးရွာအုပ်စု မီးဘေးကော်မတီမှတစ်ဆင့် အလှူငွေများ ကောက်ခံစုဆောင်းပေးလျှက်ရှိပြီး မီးလောင်းပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ဆောက်လုပ်မည့် ရန်ပုံငွေများအဖြစ် အသုံးပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ မိုးမရွာခင်အိမ်ကို အပြီးဆောက်ဖို့ စီစဉ်ထားတယ် တစ်အိမ်ဆို သိန်း၃၀ လောက်ရာထားတယ်ပေါ့ အလှူငွေတွေဆက်လိုအပ်နေသေးတယ်ပေါ့ အိမ်ဆောက်ဖို့အတွက်လဲ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းနေတယ် သစ်တို့ ဝါးတို့ ဒီအတောအတွင်းမှာပဲ စဆောက်တော့မယ်” ဟု အထက်ပါ ပါဝင်ကူညီပေးနေသူတစ်ဦးက ပြောသည်။
နေအိမ်များ ပြန်လည်တည်ဆောက်ရာတွင် ခိုင်ခန့်သည့် ထရံအိမ်များ ဖြစ်မြောက်ရေးအတွက် လိုအပ်သည့် ဖက်၊ သစ်၊ ဝါး၊ နှင့် အခြားဆောက်လုပ်ရေးပစ္စည်းများကို စုဆောင်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် မီးဘေးသင့် ပြည်သူများကို သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ သို့မဟုတ် အိမ်ဆောက်ပစ္စည်းများ လှူဒါန်းလိုပါက ကရုပ္ပိကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ကရုပ္ပိကျေးရွား လူမှုကူညီရေးအသင်းထံ ပါဝင်လှူဒါန်းရန်လည်း တိုက်တွန်းထားသည်။




