မွန်ပြည်နယ် ပေါင်မြို့ အလှပ်ကျေးရွာရှိ သာယာကုန်ပိုင်း ကန်သာယာစုတွင် ဧပြီ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“မီးက ဘယ်လိုစပြီးလောင်လဲဆိုတော့ လျှပ်စစ်ဒယ်အိုးအနီကို ပလပ်ပေါက်ထိုးပြီးတော့ လူက အလှူအိမ်မှာ သွားပြီး ဝိုင်ကူးနေတာ သူကပြန်ဖြုတ်ဖို့ မေ့သွားတာ အဲ့ကနေစလောင်းပြီးတော့ မီးကူးသွားတာပဲ ည၁၁ နာရီ နည်းနည်းကျော်လောက်က ဖြစ်သွားတာ လမ်းကလဲ ကျဉ်းနေတော့ မီးသတ်ကားက ဝင်ရခက်တော့ မီးက ပိုပြီး ကူးသွားတာ နေအိမ် ၁၁ လုံးထိ လောင်သွားတယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ အလှပ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ စသည့်အဖွဲ့တို့ ဝိုင်းဝန်းကာ ည ၁၂ နာရီကျော်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုမရှိသော်လည်း အမျိုးသမီးတစ်ဦးမှ ၎င်း၏နေအိမ် မီးထဲပါသွားသဖြင့် နှလုံးအမောဖောက်ကာ သတိမေ့သွား၍ အလှပ်တိုက်နယ်ဆေးရုံးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရသည်။
“ထိခိုက်တဲ့သူတော့မရှိဘူး၊ သူအိမ်ပါသွားလို့ အဒေါ်တယောက်က မေ့လဲသွားတယ်၊ အလှပ်တိုက်နယ်ဆေးရုံးမှာပဲ ကုသနေတယ် လောလောဆယ်က နေအိမ်မီလောင်းသွားတဲ့ သူတွေအတွက်က သာယာကုန်းပိုင်းရဲ့ စာသင်ကျောင်းမှာပဲ ယာယီနေထိုင်ဖို့ စီစဉ်ထားပေးတယ်။ ကျောင်းလဲ ပိတ်နေတယ်ဆိုတော့ သူတို့အတွက် ပြန်လည်ထူထောင်ဖို့က အကူအညီလဲ လိုအပ်ပါမယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူများကို သာယာကုန်းပိုင်းရှိ စာသင်ကျောင်းတွင် ယာယီနေထိုင်ရန် စီစဥ်ပေးထားပြီး နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် မီးလောင်မှုဖြစ်ပွားရာ နှစ်ထပ်နေအိမ် ၃ လုံးအပြင် ဆိုင်ကယ် ၅ စီးနှင့် ရွှေတုံးရွှေခဲများ အခြားတန်ဖိုးကြီးပစ္စည်းများ မီးလောင်မှုအတွင်းပါသွားသဖြင့် အများအပြားဆုံးရှုံးရသည့်ဖြစ်စဥ်ရှိခဲ့သည်။



Photo – Warazein News Agency paung Daily



