ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ဝင်ရောက်လာပြီးနောက် ဘုရားသုံးဆူမြို့သည် မြဝတီ၊ ရွှေကုက္ကိုလ်ကဲ့သို့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းဖြင့် ကျော်ကြားလာခဲ့သည်။
တရုတ်လူမျိုးများသည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့ပေါ်သို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်း ၂၀၂၅ ခုနှစ်ဆန်းပိုင်းခန့်တွင် ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်လူမျိုး သောင်းနှင့်ချီ ရှိလာခဲ့သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။
ဘုရားဆုံးမြို့ပေါ်သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများသည် အိမ်ခန်း၊ တိုက်ခန်းများကို ဈေးအဆမတန်ပေးပြီး ငှားရမ်းကာ စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင် စသဖြင့် ဖွင့်လှစ်ပြီး နောက်ကွယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းအပါအဝင် လောင်းကစားလုပ်ငန်းမျိုးစုံကို DKBA နှင့် ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည်ဟုလည်း ဆိုသည်။

ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်က ကျယ်ပြန့်လာသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို နှိပ်နင်းရန် ထိုင်းနှင့် တရုတ်က ၂၀၂၅ ခုနှစ်ဆန်းပိုင်းတွင် စတင်လုပ်ဆောင်လာခဲ့သည်။
ထိုင်းဘက်က ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းဖို့ဆိုပြီး ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်က နေရာ ၅ ခုထက်မနည်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီကို စတင်ပြတ်တောက်ခဲ့သည်။
ယင်းအခြေအနေတွင် မြန်မာစစ်ကောင်စီဘက်ကလည်း ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တရုတ်၊ ထိုင်းတို့နှင့် ပူးပေါင်းပြီး အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ထုတ်ပြန်လာသည်လည်း ရှိသည်။
တရုတ်နှင့် ထိုင်း ပူးပေါင်းပြီး ကျားဖြန့် နှိမ်နင်းနေချိန်တွင်ပင် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့် ရွှေကုက္ကိုဒေသထဲက တရုတ်လုပ်ငန်းရှင်အချို့က ဘုရားသုံးဆူမြို့ဘက်သို့ ပြောင်းရွှေ့နေကြသည်ဆိုသည့် မြဝတီမြို့ခံတို့၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းဌာနအချို့က ဖော်ပြကြသည်။
ထိုသို့ နယ်စပ်တလျှောက်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တရုတ်၊ ထိုင်းတို့သာမက မြန်မာဘက်ကပါ နှိပ်နင်းလာချိန်တွင် ဘုရားဆူမြို့ဒေသက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် အဓိက ပတ်သက်ဆက်နွယ်နေသည့် DKBA ကလည်း ဘုရားသုံးဆူဒေသအတွင်း ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်ပြီး တရားဝင် စာထုတ်ပြန်လာသည်။
ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန် ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်မီ အမြန်ဆုံး ထွက်ခွာပေးကြရန်ဆိုပြီး ဘုရားသုံးဆူဒေသက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
DKBA က ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသားများကို မောင်းထုတ်သွားမည့်အပြင် တရားမဝင် ထပ်မံ ဝင်ရောက်မှု မရှိစေရန်ကိုလည်း ထိရောက်စွာ ပိတ်ပင်တားမြစ်သွားမည်ဟု ပြောဆိုထားသည်။
၎င်းပြင် ဘုရားသုံးဆူမြို့အတွင်းက တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လာရောက် အခြေချ လုပ်ဆောင်နိုင်ခြင်းမရှိစေရန်ကိုလည်း အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွာမည်ဟု ထုတ်ပြန်ထားသည်။
ယင်းနောက် မြို့ပေါ်က တရုတ်နိုင်ငံသားများကို DKBA က ဘုရားသုံးဆူမြို့နှင့် ၁၅ ကီလိုမိတာခန့်ကွာဝေးသည့် မြို့အပြင်ရှိ ၎င်းတို့ ဆောက်လုပ်ထားသည့် အဆောက်အဦးနေရာများသို့ ပြောင်းရွှေ့သွားကြသည်ဟု မြို့ခံတို့က ပြောသည်။
လက်ရှိအချိန်ထိလည်း ဘုရားသုံးဆူမြို့ပြင်က ကျုံကွီး၊ ကျော့ပလု၊ ချောင်းဆုံကျေးရွာနှင့် သဘာဝရေကူကန်အနီး၊ ဘုရားတောင်အနီးရှိ ထီးလောင်ယှူးရေတံခွန်ဘက်သို့ တရုတ်နိုင်ငံသားများ နေထိုင်လျက်ရှိကြောင်း၊ DKBA က ၎င်းတို့ ဆောက်လုပ်ထားသည့် အဆောက်အဦးတို့ကို အခကြေးငွေယူပြီး တရုတ်တို့ကို ငှားရမ်းပေးထားသည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။
“DKBA က သူတို့နေတဲ့နေရာ ထီးလောင်ယှူးဘက်မှာဆို တရုတ်တွေ နေထိုင်ဖို့ အဆောက်အအုံတွေပါ ဆောက်ထားပေးတာ။ သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်ပြီး လုပ်နေလား၊ မလုပ်ဘူးလားဆိုတာတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့လည်း လောလောဆယ်တော့ အဲ့မှာ အကုန်လုံးနေနေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသားများ နေထိုင်နေကြသည့် ဘုရားသုံးဆူမြို့ပြင်က နေရာများကို DKBA က လုံခြုံရေးယူပေးထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြုဘူးလို့လည်း မြို့ခံတို့ထံမှ သိရသည်။
မြို့ပြင်ရှိ တရုတ်နိုင်ငံသားများ တည်ရှိနေသည့်နေရာတွင် မြို့ပေါ်က အမျိုးသမီးအချို့ ထမင်းဟင်းချက်သည့်အလုပ် သွားရောက်လုပ်ကိုင်နေသူများရှိသလို လုံခြုံရေးအတွက် မြို့ခံအမျိုးသားအချို့တို့ကလည်း သွားရောက်လုပ်ကိုင်နေကြသည်လည်း ရှိသည်။
“အဲဒီနေရာဘက်ဆို အပြင်လူတွေ ဝင်ခွင့်မရှိဘူး။ သုံးဆူလမ်းမကြီးကတော့ ထုံးစံအတိုင်း သွားလာလို့ရတယ်။ ဒါပေမဲ့ သူတို့(DKBA) နေရာဘက်တော့ ဒီနောက်ပိုင်း ဘယ်သူမှ မပေးဝင်ကြတော့ဘူး။ သူတို့ငှားထားတဲ့ သူတွေ ပြောတာတော့ တရုတ်တွေက ပကတိအတိုင်းပဲနေနေကြတယ်။ ဒါပေမဲ့ တရုတ်သူဌေးတွေနေတဲ့ နေရာထဲကို မဝင်ရတော့ သူတို့ဘာလုပ်နေလဲဆိုတာလည်း မသိရဘူး” ဟု မြို့အပြင်ဘက်ရှိ တရုတ်နိုင်ငံသားများရှိရာနေရာတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူနှင့် နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသားများ မြို့ပြင်ရှိ DKBA နေရာသို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဆိုသည့်ပြောဆိုချက်များနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဘုရားသုံးဆူဒေသရှိ DKBA တာဝန်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော် လက်ခံဖြေဆိုခြင်းမရှိပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့က DKBA တာဝန်ရှိသူ ဗိုလ်ကြီးစောနေလကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “၂၈ (ဖေဖော်ဝါရီ ၂၈) နောက်ပိုင်း ကျန်တဲ့သူတွေရှိရင် ကျတော်တို့ အထက်လူကြီးတွေကတော့ သူတို့ တစ်ခုခုပြန်စီစဉ်ပြီး မထွက်သေးတဲ့သူတွေကို ဖမ်းသင့်ရင် ဖမ်းမှာပေါ့နော် ပြန်အပ်သင့်ရင်လည်းပြန်အပ်မယ်ပေါ့နော်” ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ဘုရားသုံးဆူမြို့နှင့် ၁၅ ကီလိုမီတာခန့် ဝေးကွာသည့် နေရာတို့တွင် တရုတ်နိုင်ငံသားအများအပြား တည်ရှိနေဆဲဖြစ်သည်။
တဘက်တွင်လည်း ဘုရားသုံးဆူမြို့ဝန်းကျင်းက တရုတ်နိုင်ငံသားများကို ကရင်အမျိုးသားအစည်းအရုံး KNU က ဖမ်းဆီးပြီး မြဝတီဘက်သို့ ပို့ဆောင်သွားမည်ဆိုသည့် သတင်းလည်း ဘုရားသုံးဆူမြို့ခံတွေကြား ပျံ့နှံ့နေသော်လည်း ယနေ့ထိ တစုံတရာထူးခြားမှု မရှိသေးဘူးလို့လည်း မြို့ခံတို့က ပြောသည်။
ဘုရားသုံးဆူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “တရုတ်တွေကို ခေါ်သွင်းလာတဲ့ သူတို့ရဲ့ အစီအစဉ်က ဒီတရုတ်တွေကို ဘုရားသုံးဆူမြို့ပေါ်မှာပဲ ထားဖို့မဟုတ်ဘူး။ မြို့ပြင်မှာ အဆောက်အအုံဆောက်နေတာ နေရာတခုတည်းမဟုတ်ဘူး။ အဲနေရာတွေမှာ အဆောက်အဦးဆောက်နေတာ ဘာညာလုပ်နေတာကလည်း အခုမှ မဟုတ်ဘူး။ တရုတ်တွေကို မခေါ်လာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က တရုတ်တွေကို အဲနေရာတွေမှာ ထားဖို့ပါပဲ” ဟု ပြောသည်။
ဘုရားသုံးဆူမြို့ အပြင်ဘက်တွင် တရုတ်နိုင်ငံသားများ ဆက်လက်တည်ရှိနေခြင်းသည် DKBA က တရုတ်နိုင်ငံသားများကို ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ရန် လုပ်ဆောင်ပေးထားသည်လားဆိုတာကို မေးခွန်ထုတ်စရာဖြစ်နေသည်။