Homeသတင်းသံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေ

-

မွန်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းနှင့် အနန်းကွင်းကျေးရွာအနီးတစ်ဝိုက်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း တော်လှန်ရေးအဖွဲ့နှင့် ဒေသခံပြည်သူတို့ထံမှ သိရသည်။

အနန်းကွင်းဗျူဟာစခန်းမကျရေးကို စစ်ကောင်စီဘက်က အပြင်းအထန်ခုခံနေသလို တစ်ဘက်တွင်လည်း အနန်းကွင်းစခန်းသိမ်းပိုက်နိုင်ရေး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် နှစ်ဖက် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။

အနန်းကွင်းသို့ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းအတိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်နေသည့်အတွက် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတလျှောက်ရှိ စခန်းကြီး၊ ရဲတံခွန်၊ ဇီးနှစ်ပင်နှင့် သက္ကောကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

“နှစ်ဖက်ပစ်ခတ်မှုကတော့ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ပြောလို့ရတယ်။ တစ်ခါတစ်လေ ထိခိုက်သေဆုံးမှုတွေ ရှိတယ်။ တစ်ခါတစ်လေတော့လည်း မရှိဘူးပေါ့။ စစ်ကြောင်းကတော့ သံဖြူဇရပ်ဘက်ကနေ လာတယ်။ ဇီးနှစ်ပင်တို့၊ ရဲတံခွန်တို့ဘက်ကနေတဆင့် ဝင်ရောက်နေတယ်။ ကျန်တဲ့ ထိခိုက်သေဆုံးမှု အချက်အလက်ကိုတော့ နောက်မှ ထုတ်ပြန်ပေးသွားမှာပါ” ဟု နဂါးနီစစ်ကြောင်းတပ်ခွဲ-၂ မှ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းကလည်း အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဇီးနှစ်ပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ထိုဇီးနှစ်ပင်ကျေးရွာအတွင်း အလောင်းနှစ်လောင်းနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိကြောင်း စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တို့တွင် ရေးသားဖော်ပြသည်။

“ပစ်ခတ်နေကြတာက နေ့တိုင်းလိုလိုပါပဲလေ။ ပစ်ခတ်သံတွေကြားရင် အနီးတစ်ဝိုက်ရွာက လူတွေက ရှောင်ပြေးကြတာပေါ့။ နည်းနည်းတိတ်သွားရင် ပြန်ထွက်လာ အဲလိုပေါ့။ လေယာဉ်သံကြားရင်လည်း အဲလိုပဲပေါ့ ရှောင်တဲ့လူက ရှောင်။ ပြေးတဲ့လူက ပြေးပေါ့” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် အနန်းကွင်းဒေသခံတစ်ဦးက ပြောသည်။

အနန်းကွင်းဗျူဟာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲစတင်ပြန်းထန်လာခဲ့သည်။

အနန်းကွင်းဗျုဟာတပ်စခန်းသိမ်းတိုက်ပွဲကြောင့် အနန်းကွင်းအပြင် အနီးနားတဝိုက်က ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သုံးလကျော်လာသည့်ထိ နေရပ်မပြန်နိုင်သေးပဲဖြစ်နေသည်။

တော်လှန်ရေးပူးပေါင်းတပ်တို့မှ အနန်းကွင်းဗျုဟာတပ်စခန်း စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်ကာလအတွင်း သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်က တောင်စွန်းစခန်းနှင့် လွတ်ရှမ်းစခန်းတို့ကလည်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် အဆိုပါလမ်းပိုင်းပေါ်တွင် အနန်းကွင်းဗျုဟာတပ်စခန်းသာ ကျန်ရှိတော့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts