Saturday, April 18, 2026
More
    spot_img
    Homeသတင်းနောက်ခံလက်နက်ကိုင်အဖွဲ့အစည်းကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို အရေးမယူနိုင်

    နောက်ခံလက်နက်ကိုင်အဖွဲ့အစည်းကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို အရေးမယူနိုင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တွင်ကျယ်လာသော်လည်း နောက်ခံလက်နက်ကိုင်အဖွဲ့အစည်းကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို အရေးမယူနိုင် ဖြစ်နေသည်ဟု ရေးမြို့နယ်အတွင်းက ရပ်ရွာအရေး ကူညီဆောင်ရွက်နေသူတို့က သိရသည်။

    ရပ်ရွာအတွင်း တစ်လုံးစ၊ နှစ်လုံးစ မူးယစ်ဆေးရောင်းဝယ်နေသူတို့နှင့် သုံးစွဲသူတို့ကို ဖမ်းဆီးအရေးယူနိုင်သော်လည်း မူးယစ်ဆေးဝါးအများအပြားရောင်းချနေသူတို့ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူးလို့လည်း ဆိုသည်။

    “အခုက မူးယစ်ဆေးရောင်းတဲ့သူတွေက Background နဲ့ နေနေကြတယ်။ ဥပမာ လှုပ်ရှားတာနဲ့ သူတို့ Background မှာရှိတဲ့ သူတွေလာပြီး ခြိမ်းခြောက်ကြတယ်။ နောက်တစ်ခါ မင်းတို့လုပ်ရဲရင်လုပ်ကြည့် အဲလိုပုံစံမျိုးပေါ့၊ ဘယ်သူမှတောင် မလှုပ်ရှားရဲဘူး” ဟု ရပ်ရွာအကျိုး ကူညီဆောင်ရွက်နေသည့် ရေးဒေသခံတစ်ဦးက ပြောသည်။

    မူးယစ်ဆေးဝါးရောင်းဝယ်မှုကို လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့်အပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့တို့နှင့်လည်း ချိတ်ဆက်ကာ ဈေးနှုန်းချိုချိုသာသာဖြင့် အထိန်းအကွပ်မဲ့ ရောင်းဝယ်နေကြသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    မူးယစ်ဆေးဝါး အလွယ်တကူ ဝယ်ယူရရှိနေခြင်းကြောင့် မူးယစ်ဆေးသုံးစွဲသူများသည် အမျိုးသားများသာမက အမျိုးသမီးများပါ ဆုံးစွဲလာကြောင်း၊ အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲ မြင့်တက်လာကြောင်း မွန်မူးယစ်ဆေးမူဝါဒ ရေးဆွဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ၎င်းက “အမျိုးသမီးကတော့ မြင်းဆေး(WY) သုံးစွဲတာများတယ်လို့သိရတယ်။ ဒီနောက်ပိုင်း နိုင်ငံရေးအခြေအနေ မကောင်းတာနဲ့အတူ Bar club မော်လမြိုင်မြို့ပေါ်မှာလည်း မူးယစ်ဆေး ပိုများလာတယ်။ အဲ့အထဲမှာ မိန်းကလေးတွေလည်း ပိုသွားတာများတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာတွေ မလျော့သွားပါဘူး” ဟု ပြောသည်။

    ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်သုံးစွဲနေသည့် မူးယစ်ဆေးဝါးကိစ္စကို စစ်ကောင်စီဘက်ကလည်း ထိရောက်သည့် ကိုင်တွယ်မှုမျိုး လုပ်ဆောင်ခြင်းမရှိဘူးလို့လည်း ဆိုသည်။

    ဒေသတွင်းက မူးယစ်ဆေးဝါးပြဿနာကို ဒေသခံပြည်သူတို့ကသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုယ်တိုင်ဖြေရှင်းနေရသည့်အခြေအနေဖြစ်နေသည်။

    မွန်လူထုတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်လှန်ရေးအဖွဲ့တို့အနေဖြင့် အားပေးအားမြှောက်မပြုဘဲ ဝိုင်းဝန်းဖြေရှင်းစေလိုကြောင်း မွန်ဒေသခံတို့ လိုလားနေကြသည်။

    လက်ရှိ ထိုင်း- မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်လည်း စီးပွားရေးလုပ်ငန်းရှင်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အချို့တို့ ပူးပေါင်းပြီး ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်နေကြသည်ဟု မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks