Homeသတင်းမွန်ပြည်နယ်တွင် မိုးစပါးအထွက်နှုန်းကျသဖြင့် တောင်သူများ အရှုံးပေါ်

မွန်ပြည်နယ်တွင် မိုးစပါးအထွက်နှုန်းကျသဖြင့် တောင်သူများ အရှုံးပေါ်

-

မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့် စပါးစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။  

ယခုနှစ်အတွင်း တိုင်ဖွန်းရာဂီမုန်းတိုင်ဒဏ်နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် စပါးစိုက်ခင်းများ ရေနစ်ပျက်စီးခြင်း၊ ရိပ်သိမ်းရန်နှင့် အခြောက်လှန်းရန် အခက်အခဲရှိခြင်း၊ ပိုးမွှားများ ကျရောက်ခဲ့ခြင်းတို့ကြောင့် လယ်တစ်ဧကကို အများဆုံး တင်း ၄၀ ဝန်းကျင်သာ ထွက်ရှိပြီး လယ်တချို့ တစ်ဧက ၂၅ တင်းသာ ထွက်ရှိသည်ဟု  ဆိုသည်။

“ပိုးကျများတော့ စပါးပင်တွေ ပျက်စီးတယ်၊ ပြီးတော့ ရိပ်သိမ်းဖို့ကလည်း အလုပ်သမားတွေ ရှာရခက်တယ်၊ ကုန်ကျစရိတ်တွေလည်း အကုန်စျေးကြီးတယ်။ တချို့တွေဆို ရိပ်သိမ်းဖို့ အလုပ်သမားတွေရှာမရတော့ ရိပ်သိမ်းရတဲ့ အချိန်မှာ မရိပ်သိမ်းရတော့ ပျက်စီးကုန်တယ်” ဟု ကျိုက်မရောမြို့နယ် စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း အလုပ်သမားစရိတ်အပါအဝင် သွင်းအားစု ကုန်ပစ္စည်းများပါ စျေးနှုန်းကြီးမြင့်နေမှုကြောင့် လယ်တစ်ဧကအတွက် စိုက်ပျိုးရေးကုန်ကျစရိတ် ကျပ် ၁၁ သိန်းကျော် ကုန်ကျခံနေရသော်လည်း စပါးစျေးကွက်တွင် စျေးကောင်းမရသောကြောင့် အရှုံးခံပြီး လယ်လုပ်နေကြရသည်ဟု စပါးစိုက်တောင်သူတို့က ဆိုသည်။

“မနှစ်ကတော့ ရသေးတယ်။ ဒီနှစ်က ပိုဆိုး ရိပ်သိမ်းခ တစ်ဧက ၁ သိန်း ၇သောင်းအထိ ရှိတယ်။ အထွက်နှုန်းကလည်း နည်း၊ ကုန်ကျစရိတ်တွေ စျေးကြီးတော့၊ အမြတ်မပြောနဲ့ အရင်းလည်း မရဘူး၊ အရှုံးပဲပေါ်နေတယ်။ ကိုယ်တွေက လယ်ပဲလုပ်တယ်၊ အခုက လယ်သမားတွေ အကုန်စိတ်ညစ်နေကြတယ်” ဟု ဘီးလင်းမြို့နယ် တောင်သူတစ်ဦးမှ သိရသည်။

ယခုနှစ် စပါးစျေးနှုန်းသည် ဆန်းကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ၁၆ သိန်းကျော်၊ ဆန်းချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂၂ သိန်းခန့်သာ ပေါက်စျေးရရှိနေသည်။

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧကပေါင်း ၇ သိန်းနီးပါး စိုက်ပျိုးလေ့ရှိပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts