ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်ငယ်တစ်စီးပေါ် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော “သိင်္ဂီအောင်” ခရီးသည်တင် မှန်လုံယာဉ်ငယ်တစ်စီးကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တို့က စစ်ဆေးရာမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်းဖြစ်သည်။
“ခရီးသည်တင်ယာဉ်ဆိုပေမယ့် ကုန်ပစ္စည်းတွေကိုဘဲ တင်ဆောင်လာတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦးတည်း ပါလာတာပါ။ လက်နက်ခဲယမ်းတွေကိုတော့ ယာဉ်အတွင်းပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုမှန်လုံယာဉ်ငယ်ပေါ်တွင် ကိုမင်းထက် (ပျော်ဘွယ်) အမည်နှင့် ဖုန်းနံပါတ် ပါရှိသော အဝါရောင် ဆာလာအိတ်အတွင်း ၄၀ မမ သေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့်နှင့် 380 Auto ကျည် ၅၀ တောင့် သိမ်းဆည်းရမိခဲ့သည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ထွက်ဆိုချက်အရ ထိုလက်နက်ခဲယမ်းများကို ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးတောင်ခြေရှိ “သိင်္ဂီအောင်” ကားဂိတ်မှ ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ “သိင်္ဂီအောင်” ကားဂိတ်သို့ ပို့ဆောင်ရန် လူမဲ့တန်ဆာ တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း ထိုမှတဆင့် ပျော်ဘွယ်မြို့သို့ ဆက်လက် ပို့ဆောင်ပေးရမည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းကလည်း ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။