spot_img
Thursday, November 7, 2024
More
    spot_img
    Homeမေးမြန်းချက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသည့်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် ဆက်သွယ်မေးမြန်း

    စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသည့်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် ဆက်သွယ်မေးမြန်း

    -

    “၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်တပ်တွေ အနေအထားက လုံးဝ ချွတ်ခြုံကျတယ်။ တိုက်ရည်ခိုက်ရည်ကျဆင်းလာလေ စိတ်ဓာတ်ရေးရာလည်း ယိုယွင်းပျက်စီးလာတယ်။ အဲ့တာတွေကို အဖက်ဆယ်ဖို့အတွက် ဒီမြေပြင်တပ်တွေရဲ့ စိတ်ဓာတ်ကို ပြန်ဆွဲတင်နိုင်ဖို့အတွက် လူထုကို ပြန်ပြီးအကြောက်တရားနဲ့ ဖုံးလွှမ်းစေဖို့အတွက် လေကြောင်းနဲ့ ပစ်ပြီးတော့ တိုက်နေတာ ၃ နှစ်ကျော်လာပြီးလေ”

    ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအပါအဝင် တိုင်းရင်းဒေသများ အထူးသဖြင့် စစ်ရေးပဋိပက္ခပြင်းထန်နေသည့်ဒေသ၊ အရပ်သားရှိသည့်နေရာတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း တိုးလာနေသည်။

    စစ်ကောင်စီက တိုင်းရင်းသားဒေသများ၊ အရပ်သားရှိသည့်နေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ စစ်ကောင်စီကပေါ့လေ အခုဆရာတို့ KNU နယ်မြေအပါအဝင် ရှမ်း၊ ရခိုင်၊ ကရင်နီအစရှိတဲ့ တိုင်းရင်းသား ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာနေတယ်၊ လူတွေလည်းအစုလိုက် အပြုံလိုက်သေဆုံးမှုရှိနေတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဆရာဘာများပြောလိုပါသလဲ။

    ဖြေ ။ ။ စစ်ကောင်စီက ဒေသအသီးသီးမှာ အဲ့လိုမျိုးစစ်ဆင်လာတယ်။ အထူးသဖြင့် လေကြောင်း တိုက်ခိုက်မှုက ပိုပြီး လုပ်လာတဲ့အခါကျတော့ ဒါက သူအခုမှလုပ်တာလည်း မဟုတ်ဘူးလေ။ ဒီ ၂၀၂၁ စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတိုင်းမှာ တော်တော်များများက မြေပြင်မှာ အခြေအနေမလှတော့ လေကြောင်းနဲ့ပဲ ပြန်လည် တုံ့ပြန်လာတယ်လေ။ အဲ့လုပ်တဲ့ဟာက သူအခုထိဆက်လက် လုပ်နေတာပဲဖြစ်ပါတယ်။ ထူးထူးခြားခြားရယ်လို့ အောင်မြင်မှုမရှိပေမဲ့ သူက လုပ်နေကျအတိုင်းပဲ ထပ်ခါထပ်ခါလုပ်နေတာတော့ရှိတယ်။ အဲတာကတော့ သူဘာကိုမှ ဂရုမစိုက်ဘဲနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ရင်းနဲ့ဆက်ပြီးတော့ ကျူးလွန်နေတာပဲလို့ မြင်နေရတယ်။

    မေး ။ ။ နောက်ပြီး စစ်ကောင်စီက လက်နက်ကိုင်တွေသိမ်းပိုက်ထားတဲ့ မြို့/၊ရွာတွေမှာ သတင်းရရှိမှုအပေါ် မူတည် ပြီးတော့လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်မယ်၊ ပြည်သူတွေအနေနဲ့ကလည်း ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန် တယ်ဆိုပြီးတော့ ပြောဆိုထားတာလည်းရှိနေတာ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို မရှောင်ပဲ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်လာနိုင်လားဆိုတဲ့အပေါ်မှာရော ဆရာတို့ဘယ်လိုသုံးသပ်မိလဲ။

    ဖြေ ။ ။ လက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့မြို့ရွာတွေမှာပြန်ပြီးတော့ လိုအပ်သလို တုံ့ပြန် ဆောင်ရွက် မယ်ဆိုတာက အကြမ်းဖျင်းအားဖြင့် နားလည်တာက သူက ပြန်သိမ်းမယ်ပေါ့လေး။ သိမ်းပုံ သိမ်းနည်းကတော့ စစ်ရေးပစ်မှတ်တွေကို လုံးဝကို မထိဘဲနဲ့ အဓိကဖြစ်တဲ့ အရပ်သားပစ်မှတ်တွေ မြို့၊ ရွာတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ အဲ့တာတွေပဲလျှောက်ပြီးတော့ အဓိက ပစ်မှတ်ထားနေတဲ့အခါကျတော့ ပြည်သူတွေ သေဆုံးမှုနှုန်းထားက တိုးသထက် တိုးလာတယ်လေ။ အဲ့တာကတော့ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့စံနှုန်းတွေကို တစ်ခုမှ ဂရုမစိုက်ဘဲနဲ့ လုပ်ချင်ရာလုပ်သွားတယ်။ နောက်ပြီး ဘာလည်းဆိုတော့ အထူးသဖြင့် ဒီလိုမျိုး စစ်ရာဇဝတ်နဲ့ ငြိတွယ်နေတဲ့အချက်ကို သူဂရုမစိုက်ဘဲနဲ့ မိုက်တွင်းနက်သထက်နက် ဆက်တိုးနေတာပဲလို့ မြင်နေရပါတယ်။

    မေး ။ ။ စစ်ကောင်စီက အခုဆိုရင် မြေပြင်ထက်ကို လေကြောင်းသုံးပြီးတော့ တိုက်ခိုက်တဲ့ဘက်ကို ဦးတည်လာနေတာ တွေ့ရတယ်။ ဆိုတော့ စစ်ကောင်စီရဲ့ ဗျူဟာတွေက ပြောင်းလာတာလားပေါ့ ဆရာတို့ ဘယ်လိုမြင်လဲ။

    ဖြေ ။ ။ မြေပြင်ထက် လေကြောင်းသုံးတယ်ဆိုတာကလည်း အခုမှအမဟုတ်ဘူး။ စောစောကပြောသလိုပဲ အထူးသဖြင့်၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတိပြုမိတာတစ်ခုက မြေပြင်တပ်တွေ အနေအထားက လုံးဝ ချွတ်ခြုံကျတယ်။ တိုက်ရည်ခိုက်ရည်ကျဆင်းလာလေ စိတ်ဓာတ်ရေးရာလည်း ယိုယွင်းပျက်စီးလာတယ်။

    အဲ့တာတွေကို အဖက်ဆယ်ဖို့အတွက် ဒီမြေပြင်တပ်တွေရဲ့စိတ်ဓာတ်ကို ပြန်ဆွဲတင်နိုင်ဖို့အတွက် လူထုကို ပြန်ပြီးအကြောက်တရားနဲ့ ဖုံးလွှမ်းစေဖို့အတွက် အဲ့တာပဲ လေကြောင်းနဲ့ ပစ်ပြီးတော့ တိုက်နေတာ ၃ နှစ်ကျော်လာပြီးလေ။ ပုံမှန်ပဲဖြစ်နေတာ ဘာမှတော့မထူးဆန်းဘူး။ အဲ့တာကို တဖြည်းဖြည်း ပိုဆိုးသထက် ဆိုးဝါးနေတာမျိုးလုပ်လာတယ်လို့မြင်ပါတယ်။”

    မေး ။ ။ နောက်ပြီး အရပ်သားပြည်သူတွေကိုမရှောင်ပဲ အခုလိုမျိုး လေကြောင်းနဲ့ တိုက်ခိုက်လာနေတဲ့အပေါ်မှာ နိုင်ငံတကာက ထွေထွေထူးထူးပြောဆိုလာတာမျိုးမတွေ့သေးဘူး။ နိုင်ငံတကာကရော စစ်ကောင်စီကို ဘယ်လိုမျိုး ဖိအားပေးသင့်လဲ၊ အခုလိုမျိုး အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာကို နိုင်ငံတကာကရော ဘာတွေလုပ်သင့်လဲ။

    ဖြေ ။ ။ နိုင်ငံတကာဘက်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါကစစ်ရာဇဝတ်မှုမြောက်တဲ့ဟာတွေ လူထုအပေါ်မှာ ဒီလိုမျိုး သတ်တာဖြတ်တာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ဟာတွေကိုတော့ နိုင်ငံတကာက တကယ်ကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်တာကြာပြီးလေ။ အခုထက်ထိ မလုပ်ဆောင်နိုင်သေးတာက ဒါကတော့ သူ့ကိစ္စသမိုင်းပေါ့နော် ကျတော်တို့က ဖြစ်စေချင်တာကတော့ ဒါကိုထိထိရောက်ရောက် လုပ်ကိုင်နိုင်မှပဲ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပိုပြီးတော့ အတင့်မရဲသွားတော့ဘူးဆိုတာ ကျတော်တို့မြင်တယ်။ ဒါပေမဲ့ အခုထက်ထိက မဖြစ်နေ သေးတော့ အဲ့တာတွေက ကျတော်တို့လည်း ဆက်ပြီးတော့ ပြောနေရတဲ့အနေအထား ဖြစ်နေ တာပေါ့လေး။

    မေး ။ ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို ကာကွယ်ဖို့အတွက် ဆရာတို့အနေနဲ့ရော ဘယ်လို ဆောင်ရွက်နေတာမျိုးရှိလဲ။ ပြီးတော့ အရပ်သားပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့လေကြောင်းရန်ကနေ လွတ်ဖို့ ဘယ်လိုမျိုးပြုမူနေထိုင်သင့်လဲ၊ ဆရာတို့အနေနဲ့ရော ပြည်သူလူထုအတွက် ဘာတွေလုပ်ဆောင် ပေး နေတာရှိလဲ။

    ဖြေ ။ ။ အရပ်သားတွေအနေနဲ့ ဒီလိုမျိုး လူထုအပေါ်မှာ ပစ်မှတ်ထားပြီးတော့ ဒီဗုံးကြဲသတ်ဖြတ်တာတွေ တစ်ဖြည်းဖြည်း များလာတဲ့အပေါ်မှာ လူထုတွေက သူ့ရဲ့ရှိထားတဲ့နဂိုက ဒီအတွေ့အကြုံအရသူတို့ရရှိထားတဲ့ ဘယ်လိုရှောင်လွှဲရမယ့်နည်းတွေပေါ့နော် ဒါကတော့ အဲ့တာအပြင် ကျတော်တို့ကတော့ ဒီထက်ပိုပြီးတော့ ထိရောက်မှုရှိတဲ့ အရပ်သားကာကွယ်ရေးစနစ်တွေတော့ လုပ်ဆောင်ဖို့လိုတယ်။ ဒါပေမဲ့ ကျတော်တို့ အင်နဲ့အားနဲ့က လုပ်ဖို့တော့ အရမ်းခက်နေတယ်။ အဲ့ဒါကြောင့်မို့ သတိပေးတာတော့ရှိတယ်။ သတိနဲ့သွားကြပါနော် ဘာပဲဖြစ်ဖြစ်ပေါ့နော် ကျတော်တို့ကတော့ ဒီလိုခက်ခဲနေတဲ့အနေအထားတစ်ခုကိုတော့ အထူးသဖြင့် အရပ်သားကာကွယ်ရေး အပိုင်းမှာတော့ လူထုဘက်ကတော့ အနည်းဆုံးကတော့ ဗုံးခိုကျင်းတူးတာတို့ ဘာတာတို့ကတော့ လုပ်နေတာပဲ။ ဒါပေမဲ့ ဒီထက်ပိုပြီး ကြီးမားပြင်းထန်တဲ့ဗုံးတွေနဲ့ ပေါင် ၅၀၀ ဗုံးတွေ၊ ပေါင် ၁၀၀၀ ဗုံးတွေဖြစ်နေတဲ့ အခါကျတော့ ဒီထက်ပိုပြီး ခိုင်မာတဲ့ ဒီထက်ပိုပြီး လုံခြုံတဲ့ ဗုံးခိုကျင်းတွေ မြေအောက်ခန်းတွေ ဆောက်ဖို့ဆိုတာ ဆက်ပြီး ကြိုးစားနေရတဲ့ အပိုင်းတွေရှိတယ်။ ဒါကတော့နည်းပညာအပိုင်းတွေနဲ့ အများကြီးသက်ဆိုင်နေတဲ့အခါကျတော့ အဲ့တာတွေ ကလည်း လက်ငင်းတော့ မဖြစ်လာဘူး။ ဆက်ပြီးတော့ကြိုးစားသွားမဲ့အပိုင်းပဲတော့ရှိမယ်။

    မေး ။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီက တိုင်းရင်းသားဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်ပါသလဲ။ ပြည်သူတွေအတွက်ရော ဆရာဘာများ ပြောကြားလိုသေးလဲ။

    ဖြေ ။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကတော့ သေမထူးနေမထူးပဲ သူတို့ အဲ့လိုပဲလုပ်သွားမယ့်အပိုင်းမှာရှိတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာက အသိပေးနေတဲ့ကြားထဲက နိုင်ငံတကာအပိုင်းကလည်းထိရောက်တဲ့ အရေးယူတုံ့ပြန်မှုမရှိတဲ့အခါကျ စစ်ကောင်စီက (လက်ရဲအဆင့်အနေနဲ့လုပ်လာတဲ့အပိုင်း) လို့ပဲကျတော်တို့ သုံးသပ်မိတယ်။ အဲ့တာကို ကျတော်တို့ တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင် ကျတော်တို့တော်လှန်ရေးကတော့ ပြည်သူလူထု တစ်ရပ်လုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်တယ်နဲ့ အညီ ဒီပွဲကတော့ ကျတော်တို့နိုင်ကိုနိုင်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခက်ခဲအတားအဆီးတွေ နိုင်ငံတကာက ကူသည်ဖြစ်စေ၊ မကူသည်ဖြစ်စေ ဒီတော်လှန်ရေး စဖြစ်လာကတည်းက ကျတော်တို့ကိုယ်တိုင် (ယန္တိပြတ်စွန့်စားထား)တဲ့အပေါ်မှာက ဘယ်လိုမှ နောက်ဆုတ်လို့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ဒီအချိန်ကာလမှာ အထူးသဖြင့် မြေပြင်မှာ စစ်ကောင်စီက အရှုံးကြီးရှုံးနေတယ်။ အဲ့ကြောင့် သူတို့က ဒီလို မထူးဇာတ်ခင်းပြီးတော့ ရှုံးနေတဲ့ဟာကို ပြန်လည် ရယူဖို့ထက် လူထုကို ပြန်ပြီးတော့ ဒုက္ခပေးတယ်။ လူထုကိုပြန်ပြီးတော့ သတ်ဖြတ်တဲ့အလုပ်နဲ့ပဲ တဝဲဝဲလည်လည်နဲ့ လုပ်လာတဲ့အခါ ကျတော်တို့ အဲ့တာကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးဆိုရင် ကျတော်တို့သွားမဲ့လမ်းက ရှင်းရှင်းလင်းလင်း ဖြစ်နေပါတယ်။ ဆက်ပြီးတော့ ပေးဆပ်မှုများစွာနဲ့ပဲ ကျတော်တို့ ဆက်လုပ်သွားဖို့ပဲရှိတော့ပါတယ်။ ကျတော်တို့ ဘယ်လိုမှလက်လျှော့လို့ မရတော့ ပါဘူး။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,000SubscribersSubscribe
    spot_img

    Latest posts