စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့် ဒေသခံရွာသားတွေ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ခံရတာ၊ ပေါ်တာဖမ်းခံရပြီး လမ်းပြအဖြစ်စေခိုင်းတာ၊ အဓမ္မစစ်သားစုဆောင်းခံရတာ၊ အဓမ္မပျောက်ဆုံးခြင်းဖြစ်စဉ်တွေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုတွေဟာ ဒေသခံရွာသားတွေကို အမြဲတစေ အကြောက်တရားအောက်က ရှိစေပြီး နေရပ်ရွှေ့ပြောင်း တိမ်းရှောင်နေရခြင်းကြောင့် မလုံခြုံမှုအပြင် အရေးတကြီး လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းမှုများ လက်လှမ်းမီနိုင်ရန် အကန့်အသတ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ KHRG ဆိုပါတယ်။
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက စစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတဲ့အခြေအနေကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ စောအဲလ်ဘတ်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အစီရင်ခံစာကို ဘာလို ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာလဲ။ အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက် (Key findings) တွေကို အတိုချုံး ပြောပေးပါ။
ဖြေ ။ ။ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ပဋိပက္ခအတွင်း စစ်ဘေးရှောင် အမျိုးများရဲ့ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုများ၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုများနှင့် သူတို့ရဲ့ စိန်ခေါ်မှုများအပေါ် ပြန်လည်တုန့်ပြန်မှု့များကို ဖေါ်ပြချင်တာ ဖြစ်ပါတယ်။ အဓိကတွေ့ရှိချက်ကတော့ အမျိုးသမီးအများစုက လုံခြုံတယ်လို့ မခံစားရဘူး။ စစ်ဘေးနေထိုင်ရာ ဒေသများကို စစ်တပ်မှ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရှိနေသောကြောင့် တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်း စစ်ဘေးရှောင်နေရသည့် စိန်ခေါ်မှုများကို ကြိမ်ဖန်များစွား ကြုံတွေ့ခံစားရသည်။ အမျိုးသမီးအများစုက တစ်ကြိမ်း သို့မဟုတ် ထပ်ခါတလဲလဲ စစ်ဘေးရှောင် နေထိုင်ရတဲ့ ပြဿနာနှင့် ရင်ဆိုင်နေရတယ်။ သူတို့ကို ခွဲးခြားဆက်ဆံခံရတယ်။ အိမ်ထောင်ဦးစီး လင်ယောကျ်ား ဆုံးပါးသွားတဲ့အခါ မိသားစုတာ၀န်ကို ဒုက္ခအမျိုးမျိုးကြားကနေ မိသားစုကို ဆက်လက်ထောက်ပံ့ စောင့်ရှောက်ရတဲ့ တာ၀န်ကို ယူရတယ်။ စစ်ဘေးရှောင်ရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်လက်လှမ်းမီမှု၊ ကလေးတွေရဲ့ ပညာရေး လက်လှမ်းမီမှု၊ သွားလာလှုပ်ရှားနိုင်ရန် စိန်ခေါ်မှုမျိုးစုံးနှင့် ရင်ဆိုင်ရသည့် အခြေအနေများ
မေး ။ ။ စစ်တပ်က ဘယ်လိုပုံစံမျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာလဲ။ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို ပိုပြီး ကျူးလွန်နေတာရှိလဲ။
ဖြေ ။ ။ စစ်တပ်မှ သွားလာလှုပ်ရှားမှုများကို ကန့်သန့်တားမြစ်ချင်း လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင်များအနေဖြင့် လုံခြုံသည့် နေရာမရှိ၊ အစားအသောက်များ သယ်ယူခွင့် ပိတ်ပင်တားဆီးခြင်း လေကြောင်းဖြင့် အရပ်သားပြည်သူများနှင့် အရပ်သားပိုင် ပစ္စည်းများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း စသော လူ့အခွင့်အရေးချိုးဖောက်များကို ဗြောင်ဗြောင်တင်းတင်း ကျုးလွန်နေတာပါ။
မေး ။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှု ဘယ်လောက်အထိ တိုးလာလဲ။
ဖြေ ။ ။ ကရင်ပြည်နယ်တစ်ခုလုံးအနေနဲ့ ခြုံပြောရရင် နေ့တိုင်(ညတိုင်း) နီးပါရှိပါတယ်၊ တစ်နေရာ မဟုတ်ရင် တစ်နေရာ အမြဲ တိုက်ခိုက်မှုတွေ ကျူးလွန်နေပါတယ်။
မေး ။ ။ အရပ်သားတွေအပေါ် သက်ရောက်မှုက ဘယ်လောက် ပြင်းထန်နေပါသလဲ။
ဖြေ ။ ။ ပြင်းထန်ပါတယ်။ လုံခြုံတဲ့ အိမ်ရှိတာတော်မှ အိမ်မှာ မအိပ်ရဘူး။ ထမင်းချက်ရင် မီးခိုးတွေ မြင်မှာဆိုးလို့ မနက်စောစော သို့မဟုတ် ညမိုးချုပ်မှ ထမင်းချက်စားရတဲ့ အနေအထား။ လူထုကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တဲ့အတွက် လူထုသေဆုံးမှုတိုးသတဲ့ တိုးလာတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေလဲ အများကြီးရှိတယ်။ လူထုတွေက ဒီနောက်ဆက်တွဲ ပြဿနာတွေလဲ ဆက်လက်ပြီးမှ ခံစားနေရတယ်။
မေး ။ ။ အစီရင်ခံစာမှာ ၂၀၂၆ ရွေးကောက်ပွဲမတိုင်မီနဲ့ ကျင်းပစဉ်ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ ဖော်ပြထားပါတယ်။ ဒီပိုဆိုးလာတဲ့အခြေအနေကိုလည်း ရှင်းပြပေးပါလား။
ဖြေ ။ ။ ဟုတ်၊ ကရင်ပြည်နယ်မှာ တော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းထားတဲ့ သူတို့ရဲ့ စခန်းတွေကို ပြန်လည် ရရှိရေး ကြိုးပမ်းလာတာကို တွေ့ရတယ်။ တပ်အင်အားတွေ အစမတန်း ပို့လာတယ်။ လေကြေင်းတွေကိုလည်း ပိုလုပ်လာတယ်။ လေကြောင်းတိုက်ခိုက်မှုအများစုက ပြည်သူတွေ နေထိုင်တဲ့ ရွာတွေ၊ စစ်ရှောင်နေရာတွေ ဖြစ်တယ်။ အဲ့ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေက ပိုးဆိုးလာတာ ဖြစ်တယ်၊
မေး ။ ။ စစ်ရေးလှုပ်ရှားမှုတွေ ဘာကြောင့် ပိုတိုးလာတယ်လို့ သုံးသပ်ပါသလဲ။
ဖြေ ။ ။ ကရင်ပြည်နယ်မှာ တော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းထားတဲ့ သူတို့ရဲ့ စခန်းတွေကို ပြန်လည် ရရှိရေး ကြိုးပမ်းလာတွေကို တွေ့ရတယ်။ တပ်အင်အားတွေ အစမတန်း ပို့လာတယ်။ လေကြေင်းတွေကိုလည်း ပိုလုပ်လာတယ်။ ရှိနေတဲ့ တပ်စခန်းတွေ ထပ်ပြီး မဆုံးရှုံးအောင် တိုးချက်လုပ်ဆောင်တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ နောက်ပြီး အရပ်သား ပြည်သူလား၊ သူတို့ရန်သူလား မခွဲခြားဘဲ အကုန်ပစ်တယ်။
မေး ။ ။ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ အထိခိုက်ဆုံး ကဏ္ဍက ဘာလဲ။ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေပါသလဲ။
ဖြေ ။ ။ အဆိုးရွားဆုံးကတော့ လုံခြုံရေးပြဿနာနှင့် စားနပ်ရိက္ခာ ပြဿနာပါဘဲ။ ကလေးတွေက ကျောင်းရှိတယ်။ ကျောင်းထဲမှာ လုံခြုံစွာ စာမသင်ရဘူး။ အမိုးအကာမရှိတဲ့ ကျောက်ဂူတွေထဲများ စာသင်ရတယ်။
မေး ။ ။ နေရပ်စွန့်ခွာထွက်ပြေးရသူတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ကရင်ပြည်နယ် ဒေသတော်တော်များများမှာ ရွာရှိပေမဲ့ ရွာမှာ မနေရဲတော့တဲ့အနေအထားပါ။ ရွာကို ခိုးချောင်းခိုးဝှက်နှင့် ခဏတစ်ဖြုတ်ဘဲ ပြန်လာရဲကြတယ်။ အကြာကြီးနေရင် လေယာဉ် လာပစ်မှာ ကြောက်ကြတယ်။ စစ်ဘေးရှောင်နေရာမှာ သွားနေတော့ သတင်းအချက်အလက်ရရှိမှု အခွင့်အလမ်း၊ လူမှုရေးအထောက်အပံ့ ရရှိမှု၊ ရောက်ရှိမှု အခွင့်အလမ်းတွေက မရှိသလောက်ဖြစ်လာတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ရယူခံစားမှု အခွင့်အရေးတွေ ဆုံးရှုံးတယ်။ သန့်ရှင်တဲ့ ရေ၊ လတ်ဆတ်တဲ့ အစားအစာ အချိန်မှန် မစားရတဲ့ ဒုက္ခတွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ အမိုးအကာ မလုံမခြုံတဲ့ တဲတွေထဲမှာ နေရတော့ ငှက်ဖျားရောဂါ၊ ၀မ်းဖော၊ ၀မ်းလျှောရောဂါတွေကို ခဏခဏ ကြုံတွေ့ခံစားကြရတယ်။
မေး ။ ။ စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းကို ဘာတွေ အရေးပေါ်လုပ်ဆောင်စေချင်ပါသလဲ။ နိုင်ငံတကာက ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ စစ်တပ်ကို တရား၀င်စေသော လုပ်ရပ်မျိုးကို ရှောင်ကြည်ရမည် စစ်တပ်မှ တာ၀န်ခံမှုရှိစေရန် အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်။ ထိရောက်တဲ့ တာ၀န်ခံမှု ယန္တရားများ တည်ဆောက်ရန်လိုအပ်တယ်။ လေယာဉ်ဆီများကို ဖြတ်တောက်ပစ်ရမည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပိုမိုထောက်ပံ့ပေးဖို့နှင့် လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်၊ မြန်မာလူထုမှ လုပ်ဆောင်လျက်ရှိနေသော ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးဖို့ပါ။
မေး ။ ။ ဒေသခံပြည်သူတွေကို အခုအချိန်မှာ အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေက ဘာတွေလဲ။ ဒီအစီရင်ခံစာကနေ နိုင်ငံတကာကို ပေးချင်တဲ့ အဓိကသတင်းစကားက ဘာလဲ။
ဖြေ ။ ။ ပညာရေး၊ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုက အရေးတကြီးလိုအပ်နေပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ မြန်မာပြည်အရှေ့တောင်ပိုင်းက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွတ်ပြောချင်တာရှိလဲ။
ဖြေ ။ ။ လက်ရှိ စစ်တပ်သည် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ပြည်သူကို ရန်သူသဖွယ် သတ်မှတ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ် လို့ပြောချင်ပါတယ်။



