Home သတင်း မူးယစ်ဆေးဝါး မူးယစ်ဆေးဝါးအရေးကိစ္စ စောင့်ကြည့်လေ့လာနေတဲ့ လူငယ်တစ်ဦးဖြစ်သူ မင်းဇေယျ (အမည်လွှဲ)နှင့် ဆက်သွယ်မေးမြန်းချက်

မူးယစ်ဆေးဝါးအရေးကိစ္စ စောင့်ကြည့်လေ့လာနေတဲ့ လူငယ်တစ်ဦးဖြစ်သူ မင်းဇေယျ (အမည်လွှဲ)နှင့် ဆက်သွယ်မေးမြန်းချက်

IMNA – စစ်တပ်အာဏာသိမ်းဖို့ကြိုးစားလာတဲ့နောက်ပိုင်း မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်တဲ့အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – ခါတိုင်းထက်ကို ၅ ဆလောက် မြင့်တက်လာတယ်။ ပေါ်ပေါ်တင်တင် ရောင်းဝယ် ဖောက်ကားလာတယ်။ အဓိက တရားဥပဒေစိုးမိုးမှု မရှိတော့ အဲဒီလုပ်ငန်းတွေက ပိုပြီးတော့ လုပ်ကိုင်တဲ့သူလည်း များလာတယ်။ လွယ်လွယ်ရလာမယ့် ငွေရှာနည်းတွေ သုံးလာတယ် ပေါ့နော်။ အဓိက စီးပွားရေးတွေ ပျက်နေတယ်ဆိုတော့ အရင်ကထက် ပိုများလာတယ်ပေါ့။

IMNA – မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူတွေက နိုင်ငံရေးနှင့် ဘယ်လိုပတ်သက်ဆက်နွှယ် နေကြတာမျိုးရှိလဲ။

ဖြေ – WY တွေရော ဘိန်းရွက်ပြုတ်ရည်တွေရောပေါ့နော် ပေါ်ပေါ်တင်တင်ကို ဖြစ်နေကြတာ။ ရဲတွေလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရုံမစိုက်နိုင်၊ တချို့ကလည်း ပတ်သက်ဆက်နွယ်မှု ရှိတယ်။ တချို့ကလည်း သတင်းပေး သတင်းယူကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီမူးယစ်ဆေးဝါး သုံးစွဲသူတွေကို ခိုင်းတယ် အမျိုးမျိုးပေါ့နော် ဒီနိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီးတော့ အသုံးချနေကြတာတွေ ရှိတယ်။ တချို့ကလည်း စီးပွားဖြစ် လုပ်ကိုင်နေတာလည်း ရှိတယ်။

IMNA – မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုပတ် သက်နေကြတာရှိလဲ။

ဖြေ – တင်သွင်းရောင်းချနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွှယ်နေတဲ့ လူရှိတာပေါ့နော်။ ဒီလမ်းကြောင်းတွေကပဲ ဖြတ်လာစေတယ်။ စစ်ကောင်စီကလည်း ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဒီလူတွေကို ခိုင်းနေတာ သတင်းပေး၊ သတင်းယူနေတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး ဖြန့်တဲ့ကောင်တွေက လူပေါင်းစုံနဲ့ ပတ်သက်နေရတာဆိုတော့ နယ်တွေမှာ သတင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ယူမယ်၊ ဒီကောင်တွေက ဘယ်သူကိုမှ မကြောက်တဲ့ သဘောရှိတယ်၊ ရဲလည်း မကြောက်၊ ဘာမကြောက် တချို့ဆိုရင် ရဲဖမ်းသွားပြီးမှ ပြန်လွတ်လာကြတယ်။ သူ့ပိုင်ရာဆိုင်ရာကို သွားပြန်ရွေးပြီး လွတ်လာတယ်ပေါ့။ အဲဒီလိုအနေထားမျိုးတွေရှိတယ်ဆိုဆိုတော့ ပိုပြီး အတင့်ရဲလာကြတယ်။

IMNA – လက်ရှိ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဘယ်လောက်ရှိမယ်လို့ ထင်လဲ။

ဖြေ – လက်လှမ်းမီ သလောက်ကတော့ ဘိန်းရွက်သုံးစွဲနေတဲ့ လူငယ်တွေ ၆၅ ရာခိုင်နှုန်းလောက် ရှိနေနိုင်တယ်။ အသက်ကြီးပိုင်းတွေလည်း ပါတယ်၊ ၆၀ အထက်တွေပါ သုံးစွဲနေတာလည်းရှိတယ်။ လူငယ်တော်တော်များက WY သုံးစွဲနေကြတယ်။ လူကြီးတွေက အများဆုံး ဘိန်းရွက်ပြုတ်ရည် သုံးစွဲကြတယ်။ ဆီးချိုရောဂါပျောက်တယ်ဆိုပြီးတော့ လူကြီးတွေက သောက်သုံးရာကနေ စွဲသွားတယ်ပေါ့။ ပထမဆုံ ဆေးအဖြစ်ကနေ နောက်ဆုံး ဆေးစွဲသွားတဲ့သဘော၊ မသောက်ရရင် ကိုက်ခဲတဲ့ဒဏ်ကို မခံနိုင်ဘူး၊ နှာရည်ယို၊ ယားယံ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တယ်။ အဲဒီဒဏ်တွေကို မခံနိုင်လို့ သောက်ရင်း သောက်ရင်းနဲ့ စွဲလမ်းသွားကြတယ်။ စွဲလမ်းတော့ သွေးပျစ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်တွေကို သွားထိခိုက်ရော အဲဒါနဲ့ သေတာပေါ့။ မသောက်ရရင်လည်း ဘိန်းစွဲသလိုပဲ အဲဒီဒဏ်ကို မခံနိုင်လို့ ဆက်သောက်ရင်း စွဲလမ်းသွားတယ်။ အလုပ်ကြမ်းသမားတွေ တော်တော်များများ သောက်ကြတယ်။

IMNA – မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေမှာ ဘယ်လိုအပြုအမူတွေ ပြုလုပ်နေကြတာရှိလဲ။

ဖြေ – လူငယ်တွေကို အခုဆိုရင် စိတ်ကျန်းမာရေး မကောင်းရင် ဆေးရုံးပို့တာလည်း ရှိတယ်၊ မိဘကို ဓားနဲ့ခုတ် အစ်မတွေကိုလည်း ဓားနဲ့ခုတ် ပတ်ဝန်းကျင်ကို ပြဿနာရှာ ဆေးကြောင်ပြီးတော့လေး၊ အဲဒီလိုမျိုး လူတွေကို မူးယစ်ဆေးဖြတ်ဖို့ စခန်းကို ပို့လိုက်တာ ဒီတစ်နှစ်လေးကို အယောက် ၂၀ နီးပါး ပို့လိုက်တယ်။ ဒါက ကျနော်တို့အသင်းတစ်ခုပဲ ပို့ရသေးတယ်နော်။ ကျန်တဲ့အသင်းတွေက ဘယ်လောက်ပို့လိုက်လဲတော့ မသိဘူး၊ ရန်ကုန် ရွာသားကြီးတို့လို ဆေးဖြတ်တဲ့ဌာနတွေကို ပို့လိုက်တာရှိတယ်၊ နောက် (မွန်ပြည်သစ်ပါတီ) ဝယ်ဇင်စခန်းကို အနီးစပ်ဆုံး သွားပို့လိုက်ကြတာလည်း မနည်းဘူး။ ဒါက လက်လှမ်းမှီသလောက်ပေါ့နော်။

မူးယစ်ဆေးဝါတွေ သုံးစွဲပြီးတော့ စိတ်တွေ ဖောက်ပြန်တယ် အများကြီးပေါ့။ ပြဿနာတွေ ရှိတယ်၊ အဲဒီကောင်တွေကလည်း တော်တော်ဆိုးသွမ်းတယ်။ နောက်ဆုံး လူသတ်မှုတွေတောင် ရှိလာတယ်။ ရဲတွေက မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး လိုက်ဖမ်းနိုင်သလောက် လိုက်ဖမ်းတယ်။ လွမ်းခြုံမူအားဖြင့် မလွမ်းခြုံနိုင်ဘူးပေါ့။ ရောင်းဝယ်ဖောက်ကားတဲ့သူ အယောက် ၁၀၀ ရှိရင် တစ်ယောက်လောက်ပဲ ဖမ်းနိုင်တယ်။ ဒါက အဖြေမဟုတ်ဘူး။ ဖမ်းခံထိတဲ့ ကောင်ကလည်း နောက်ခံမရှိတဲ့ကောင်တွေပဲ ဖြစ်နေတယ်။

IMNA – မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူတွေအပေါ် တရားဥပဒေနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်ဖို့ ဘာကြောင့် ခက်ခဲနေတာလဲလို့ မြင်လဲ။

ဖြေ – ရောင်းဝယ်ဖောက်ကားမူတွေ ပေါ်ပေါ်တင်တင်ကြီးဖြစ်တယ်။ ပေါ်တင်ကြီးကို ဖြစ်ပျက်နေတာ တော်တော်လေး ရုပ်ပျက် ဆင်ပျက်ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ပဲလှော်တောင် ဝယ်ရခက်ရင် ခက်နေဦးမယ်။ ဒီမူးယစ်ဆေးတွေက ဝယ်ရတာ တော်တော့်ကို လွယ်လွန်နေတယ်။

တရားဥပဒေစိုးမိုးမှုမရှိတော့ သူတို့ကို နိုမ်းနင်းဖို့ဆိုလည်း တစ်ဖက်က ပြန်လှည့်တိုင်တာတို့ ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ကို ဘာလုပ်လဲပေါ့ ဘာညာဆိုပြီးတော့ အဲဒီလိုမျိုး ကာလဖြစ် နေတော့ ဒီဘက်အုပ်ချုပ်သူအပိုင်းကလည်း ဒီကိစ္စနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင် ခါတိုင်းလို လုပ်ဖို့ အဆင်မပြေဘူး။ ခါတိုင်းဆို ထဲထဲဝင်ဝင် လုပ်တယ်။ ရောင်းဝယ်တဲ့ လူတွေကို နိုမ်းနင် တယ်။ အခုဆိုရင်တော့ ကိုယ့်အသက်အန္တရာယ်ပဲ အရေးကြီးတဲ့ကာလမှာ အရာရာကို ချင့်ချိန်း ပြီးတော့ တချို့ကိစ္စတွေက သိသိကြီးနဲ့ လိုက်ရှောင်ထားရတဲ့အရာတွေလည်းရှိတယ်။ ရပ်ကွက် ထဲမှာဆို ရောင်းဝယ်ဖောက်ကား နေတာတွေရှိတယ်၊ သုံးစွဲနေတာရှိမယ်။ ဒီလူငယ်တွေက ဟိုဘက်လည်း မလွတ်ကင်း၊ ဒီဘက်နဲ့လည်း မလွတ်ကင်း ဖြစ်နေတော့ သွားပြီး သူတို့ကို ကိုင်တွယ်လိုက်တာနဲ့ တခြားကိစ္စတွေ မလိုလာအပ်တဲ့ နိုင်ငံရေးရန်တိုက်မှုတွေ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ဖြစ်လာတော့ ကိုယ့်ကိုကိုယ် ကာကွယ်ပေးမယ့် နောက်ခံလည်းမရှိ တခါ တလေ ကျနော်တို့ တတ်နိုင်သလောက် ကိုင်တွယ်လိုက်တဲ့ ကောင်တွေက စစ်ကောင်စီနဲ့ အဆက်သွယ်ရှိနေတော့ ကျနော်တို့အတွက် ပြဿနာတက်နိုင်တယ်။ ဟိုဘက်ခြမ်း (တော်လှန် ရေးအဖွဲ့) နဲ့ အဆက်သွယ်ရှိနေရင်လည်း ကိုယ့်အတွက် ပြဿနာတတ်နိုင်တယ်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဒီစစ်အုပ်ချုပ်ရေးကာလ ဖြစ်သွားတဲ့အချိန်ကနေစပြီး အရင်ကထက်ကို အများကြီး ဆိုးသွမ်းလာတယ်။ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်လာတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.