မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီ (ခလရ-၈) တပ်ရင်း လက်နက်ကုန်းစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
စစ်ကောင်စီ (ခလရ-၈) တပ်ရင်မှ မေလ ၂၄ ရက်နေ့က ဘုရားဆိပ်ကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၇ လုံး ပစ်ခတ်ရာ တောင်သူဌေးကုန်းရွာအတွင်း လက်နက်ကြီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ၃၀ နှစ်ရှိ ကိုရဲလင်းဌေးနှင့် အသက် ၃၅ နှစ်ရှိ မမိုးမိုးတို့ ၂ ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့သည်။
စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို ပစ်မှတ်ထားပြီး ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ နေအိမ် ၁၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
ယင်းနေ့ ည ၆ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီ အမတ-၃၁၄ တပ်ရင်း တပ်စခန်းမှ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ရွှေရောင်ပြရွာထဲကို လက်နက်ကြီး ၅ လုံး ထပ်မံပစ်ခတ်ခဲ့သည်။
မေလ ၁၉ ရက်နေ့ညကလည်း စစ်ကောင်စီ ပိန္နဲတော တပ်စခန်းမှ လက်နက်ကြီး ၆ လုံး ပစ်ခတ်ရာ နောဖဒို့ရွာနှင့် နော်ရကုန်းရွာထဲသို့ လက်နက်ကြီး ၁ လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး နောဖဒို့ရွာနေ အသက် ၃၀ နှစ်ရှိ နော်ရီမြင့် အသက် ၂၄ နှစ်ရှိ နော်သူဇာအေးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။
သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တို့မှ လူနေကျေးရွာအတွင်း လက်နက်ကြီး နေ့စဉ်လိုလို ပစ်ခတ်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးနေသည့်အပြင် နေအိမ်ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိနေသည်။


