spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းMSRF နှင့် MSDF တို့ စစ်ရေးပူးပေါင်းမှု စတင်

    MSRF နှင့် MSDF တို့ စစ်ရေးပူးပေါင်းမှု စတင်

    -

    မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု စတင်လုပ်ဆောင်နေသည်ဟု မွန်ပြည်ကာကွယ်ရေးတပ် MSRF က ပြောသည်။

    MSRF နှင့် MSDF တို့သည် အခြေခံစစ်သင်တန်းနှင့် စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွင် အတူ တကွလုပ်ဆောင်သွားရန်၊ စစ်ဖက်ဆိုင်ရာသတင်းအချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန် ဖလှယ်သွားရန်၊ စစ်ဆင်ရေးတိုက်ပွဲတွေပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားရန် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် သဘောတူထားခဲ့ကြသည်။

    MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “လောလောဆယ် အတူတကွ ပူးပေါင်းပြီး ဗျုဟာ အစီအစဉ်တကျ တိုက်ပွဲတွေ မဖော်ဆောင်နိုင်သေးပေမဲ့ အခြေခံစစ်သင်တန်းကိုတော့ နှစ်ဖက်ပေါင်းစည်းပြီး စတင်ဖွင့်လှစ်နေပြီ၊ ဒါ့အပြင် စစ်ပစ္စည်းထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး အတူတကွ လုပ်ဆောင်သွားဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါပြီး။ အရေးကြီးဆုံး တစ်ချက်က ဒီတပ်နှစ်ခု ပူးပေါင်းပြီး မွန်ဒေသတွေမှာ စစ်ရေး လှုပ်ရှားသွားဖို့ ရှိတယ်” ဟု ပြောသည်။

    ၎င်းပြင် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည့်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြားအာဏာနှင့် ပြည့်ဝသည့် မွန်ပြည်ထူထောင်နိုင်သည့်အထိ မဟာမိတ်များအဖြစ် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွားရန်လည်း သဘောတူထားသည်ဟု ဆိုသည်။

    မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၏ ဦးဆောင်မှုဖြင့် မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ကြား စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းရန် သဘောတူညီချက်များ ရရှိခဲ့သည်။

    မွန်ပြည်ကာကွယ်ရေးတပ် MSDF မှ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိအချို့သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်း တာဝန်ယူသွားမည်ဖြစ်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောသည်။

    ၎င်းက “စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲနေကြတဲ့ မွန်လက်နက်ကိုင်တွေအားလုံး တပ်တစ်ခုနဲ့ တစ်ခုကြား ခက်ခဲမှု မရှိစေဖို့အတွက် ညှိနှိုင်းနိုင်သလောက် ညှိနှိုင်းပေးသွားမယ်။ ပူးပေါင်းလို့ရတဲ့ အခန်းကဏ္ဍတွေကို ပူးပေါင်းသွားရမယ်။ ကူညီလို့ရမယ့် အခန်းကဏ္ဍမှာလည်း တတ်နိုင်သလောက် ကူညီသွားကြဖို့ စီစဉ်ထားတာ ရှိတယ်ပေါ့လေ” ဟု ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နှင့် မွန်ပြည်သစ်ပါတီ(စစ် အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD တို့ကြား စစ်ရေး၊ နိုင်ငံရေးနှင့် အခြားကဏ္ဍများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသေးသည်။

    မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေဖြင့် မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်နေသည့် မည်သည့်အဖွဲ့မဆို ပူးပေါင်းသွားမည်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ပြတ်သွားသည့်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts