Monday, March 9, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကာလတစ်လျှောက် စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိနေ

    တိုက်ပွဲကာလတစ်လျှောက် စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိနေ

    -

    မွန်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကော့ဘိန်း၊ ကော့ပေါက်ရွာတို့ အပါအဝင် တရနာ၊ သံကလောင်၊ ဓမ္မသစသည့် ကျေးရွာတို့တွင် တိုက်ပွဲကာလ ၁ လကျော်အချိန်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကြောင့် ဒေသခံ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု စစ်ရှောင်အရေးကူညီနေသူတို့မှ သိရသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားသည့် ကော့ဘိန်းရဲစခန်း ပြန်လည်သိမ်းပိုက်နိုင်ရန် ရေနှင့်လေကြောင်းတိုက်ခိုက်မှုအပြင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် နေ့စဉ်နီးပါး သေဆုံးမှုရှိခဲ့သည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

    “အဲ့ဒေသမှာ တိုက်ပွဲစတင်ဖြစ်ပွားအချိန်ကနေစပြီတော့ အခုအချိန်အထိဆိုရင် လေကြောင်းတိုက်ခိုက်မှုကနေ သေဆုံးသွားတဲ့သူတွေရော၊ စစ်မီးကြောင်းသေဆုံးသွားတဲ့သူတွေရော၊ ပစ်သတ်လိုက်တဲ့သူတွေရော အကုန်လုံးပေါင်းဆိုရင် စာရင်းအရ ၃၀ ဦးရှိခဲ့တယ်။ ကျွန်မတို့ စာရင်းမရတဲ့ လူဦးရေလည်းထပ်ရှိကောင်းရှိနိုင်ပါတယ် ” ဟု ဆိုသည်။

    ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က ကော့ဗိန်းသို့ နယ်မြေရှင်းလင်းရေးဟု ဆိုကာ စစ်ကြောင်းထိုးဝင်ရောက်လာသည့်လမ်းတစ်လျှောက် ဒေသခံ အမျိုးသား ၃ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ထဲမှ အဆိုးရွားဆုံးလုပ်ရပ်ဟုလည်း ဆက်ပြောသည်။

    ၁ လကျော်ကာလအတွင်း သေဆုံးသူတို့သည် အသက် ၁၈ နှစ်မှ ၅၀ ကြားရှိ ဒေသခံတို့ဖြစ်ပြီး သံဃာတော်တစ်ပါးလည်း ပါဝင်သည်ဟု သိရသည်။

    ၎င်းအပြင် ဓမ္မသကျေးရွာအနီးဝန်းကျင်ရှိကျေးရွာတို့သည် တည်ငြိမ်အေးချမ်းနေပြီးဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့က ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

    သို့သော်လည်း ရွာနှင့် လမ်းကြိုလမ်းကြားနေရာတို့တွင် နေရာယူထားသည့် စစ်ကောင်စီတပ်တို့ ထွက်ခွာခြင်းမရှိသေးသည့်အတွက် ဒေသခံအားလုံးနေရပ်မပြန်နိုင်သေးကြောင်း ဆက်လက်ဆိုသည်။

    “စကစ က လူတွေကို သတ်ဖြတ်တဲ့လုပ်ရပ်တွေလုပ်နေတဲ့အတွက်ပဲ ဒေသခံတွနေရပ်မပြန်ရဲနေဘူး။ သူတို့ပိုင်ဆိုင်ထားတဲ့ တန်းဖိုးရှိပစ္စည်းတွေဖြစ်တဲ့အိမ်တွေကားတွေ အကုန်လုံးကိုစိတ်ပူနေပေမဲ့လည်း သူတို့အိမ် မပြန်ရဲနေဘူး။ အချို့ရွာမှာရှိနေတဲ့ ရွေ့ပြောင်းမနိုင်တဲ့သက်ကြီးရွယ်အိုတွေက အိမ်မှာကျန်နေပြီးတော့ သူတို့ရဲ့ နှိပ်စက်တာကို ခံနေရတာလည်းရှိတယ် ” ဟုဆိုသည်။

    ယာယီစစ်ရှောင်နေရသည့် ၁ လတာကာလတွင် မီးလောင်ခံထားရသည့် နေအိမ်ပေါင်း ၅၀၀ နီးပါးရှိပြီး ကျန်နေအိမ်တို့တွင် ဖောက်ထွင်းခံရပြီး မီးခံသေတ္တာ၊ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းတို့ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks