မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာက လေဖြတ်နေသည့် အမျိုးသားတစ်ဦး မတ်လ ၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ကော့ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးနေ ဦးမင်းမင်းနေအိမ်ခြံဝင်းသို့ လက်နက်ကိုင်အမျိုးသား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးမင်းမင်းကို ပစ္စတိုသေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်စဉ် ဦးမင်းမင်းက ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် သေနတ်သမားတို့က နေအိမ်တွင် တည်ရှိနေသည့် လေဖြတ်နေသည့် ဦးမင်းမင်း၏ အစ်ကိုဖြစ်သူ ဦးသင်းအောင်ကို ပတ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဦးမင်းမင်းက ထွက်ပြေးလွတ်မြောက်သွားတော့ သေနတ်သမားတွေက အိမ်ပေါ်ကိုတက်သွားပြီးတော့ ဦးမင်းမင်းရဲ့ အစ်ကိုဖြစ်သူ လေဖြတ်ထားတဲ့ ဦးသင်းအောင်ကို သေနတ်နဲ့ ၃ ချက်ပစ်ပြီးတော့ ဆိုင်ကယ်မောင်းပြေးထွက်သွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးသင်းအောင်သည် ဝဲရင်အုံ၊ ယာဘက် ရင်ဘတ်၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သူ ဦးသင်းအောင်ကို ဒေသအခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဦးသင်းအောင်ကို မည်သည့်လက်နက်ကိုင်က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ဝင်းကို သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။