spot_img
Wednesday, May 8, 2024
More
    spot_img
    Homeသတင်းချောင်းဆုံတွင် စစ်ကောင်စီနှင့် နီးစပ်သူတို့က လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေ

    ချောင်းဆုံတွင် စစ်ကောင်စီနှင့် နီးစပ်သူတို့က လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်နေ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ညီမဝမ်းကွဲမှ ဦးဆောင်ပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ အထက်တန်းကျောင်းအနောက်ဘက်ရှိ ရော်ဘာတောတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၏ ညီမဝမ်းကွဲဖြစ်သူမှ ကန်ထရိုက်ယူပြီး လောင်းကစားဝိုင်းဖွင့်လှစ်ထားသည်မှာ တစ်နှစ်ဝန်းကျင်ခန့်ရှိနေပြီးလို့လည်း ဆိုကြသည်။

    သက္ကောကျေးရွာတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းတွင် အနီထောင်၊ ဂလုတ် ဂလုတ်၊ ဖဲနှင့် ကြက်ဝိုင်းများရှိကြောင်း ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံများအပြင် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ပေါင်မြို့နယ်တို့မှ နေ့စဉ်လာရောက် ကစားကြလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    “အခုဆိုရင် ရော်ဘာတောထဲမှာ ဝါးတဲတွေနဲ့ ရုံကြီးတွေဆောက်ပြီးတော့ကို လောင်းကစားဝိုင်းတွေကို ဖွင့်ထားတာ။ ရွာအုပ်ချုပ်ရေးမှူးကလည်း တပ်ထောက်ခံပွဲတွေမှာပါဝင်လုပ်ဆောင်ပေးတဲ့နေအတွက် ဝန်ကြီးချုပ်က သူ့ကိုပြန်ကြည့်တဲ့သဘောနဲ့ သူ့ရွာမှာ လောင်းကစားဝိုင်းတွေလုပ်ထားတော့ လိုင်းကြေး တစ်သိန်းကနေ လေးငါးသိန်းလောက်နေ့စဉ်ရနေတယ်” ဟု အမည်မဖော်လိုသည့် ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

    လောင်းကစားဝိုင်းကို ဦးအောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲအပြင် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့၊ ချောင်းဆုံမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌနှင့် ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဝင်း၊ ချောင်းဆုံမြို့နယ် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ဖြိုးမင်းထွန်းတို့က ဦးဆောင်ကာ စီမံခန့်ခွဲနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    လောင်းကစားဝိုင်းကြောင့် ချောင်းဆုံမြို့နယ်အတွင်း ရာဇဝတ်မှု များပြားလာခြင်း၊ မိသားစုများအကြား လူမှုရေးပြဿနာများ ပေါ်ပေါက်လာကြောင်း ချောင်းဆုံးဒေသခံတစ်ဦးက ပြောသည်။

    ၎င်းက “ချောင်းဆုံမြို့နယ်ထဲမှာ အရင်ကဆိုရင် တော်ယုံ ဘာရာဇဝတ်မှုမှမဖြစ်ဘူး။ အခုဆို ဆိုင်ကယ်ပျောက်ကြတယ်။ အဲ့ဒီအပြင် လုယက်မှုတွေလည်း ဖြစ်လာတယ်” ဟု ပြောသည်။

    လောင်းကစားဝိုင်းကို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ညီမဝမ်းကွဲဖြစ်သူက ဦးဆောင် လုပ်နေသည့်အတွက် ဒေသခံများ မတိုင်ကြားရဲကြသလို တိုင်ကြားပါကလည်း မထူးနိုင်သည့်အခြေအနေကြောင့် နှုတ်ဆိတ်နေကြရသည်ဟု ဆိုသည်။

    ၎င်းပြင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ရန်အတွက် ဘုရားပွဲများ အတင်းလိုက်လံကျင်းပပြုလုပ်နေကြောင်း ချောင်းဆုံဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ကျေးရွာများ၌ ဘုရားပွဲသွင်းရန် ၎င်းတို့မှ ကျပ် ၅ သိန်းခန့်သာပေးပြီး ပွဲငှားရမ်းခမပြည့်ပါက ကျေးရွာအုပ်ချုပ်ရးမှူးများက စိုက်ရှင်းရနေရသည်ဟုလည်း ဆိုသည်။  

    စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၏ ညီမဝမ်းကွဲဖြစ်သူသည် လောင်းကစားဝိုင်းများအား ကန်ထရိုက်ယူကာ ပြုလုပ်နေသည့်အပြင် လက်ရှိ Aung Group ဆိုပြီး ကုမ္ပဏီ ၆ ခုထောင်ထားကာ တင်ဒါလုပ်ငန်းမှန်သမျှကိုလည်း ရယူနေကြသည်ဟု တင်ဒါကုမ္ပဏီအသိုင်းအဝိုင်းထံမှ သိရသည်။

    ၎င်းပြင် ချောင်းဆုံမြို့နယ်အတွင်းရှိ လယ်ယာမြေများကိုလည်း အကွက်ရိုက်ကာ ရောင်းစားနေသေးကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင်အတွင်းရှိ မြို့နယ်အများစုတို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts