မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာနှင့် ကွမ်ဒူးကျေးရွာတို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးသွားခဲ့ပြီး ပြည်သူ ၃ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အာယုတောင်ရွာအနီး အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃၄၃ နှင့် ခြေလျင်တပ်ရင်း ခလရ – ၃၄၃ တပ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၁ ရက်နေ့ညက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည် အာယုတောင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“ကလေးက နှစ်ဖက် သေနတ်သံကြားတဲ့အချိန်မှာ ပုန်းနေတာ။ သေနတ်သံတိတ်တာနဲ့ အိမ်ကို ပြေးပြန်ဖို့ လုပ်တဲ့အချိန်မှာ လက်နက်ကြီးက ကျလာတာ။ ကလေးကို ကျည်စထိသွားတယ်။ ထိထိချင်းတော့ ဆေးရုံပို့လိုက်တာပဲ။ ကလေးက နောက်တနေ့မှာ ဆုံးသွားတယ်” ဟု အာယုတောင်ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားခဲ့သည့် ကလေးသည် အာယုတောင်ကျေးရွာတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားကလေးတစ်ဦးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အလားတူ ရေးမြို့နယ်၊ ကွမ်ဒူးကျေးရွာထဲကိုလည်း စစ်ကောင်စီတပ်စခန်းတို့မှ ဇန်နဝါရီလ ၂၀ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“လက်နက်ကြီးကျတာ ခရီးသွားပြည်သူ ၃ ယောက် ကျည်စထိသွားတယ်လို့ကြားတယ်။ သုံးယောက်ထဲမှာ တစ်ယောက်က ခြေထောက်ထိသွားတယ်။ ခြေထောက်ထိတဲ့ အဲတစ်ယောက်က အာယုတောင်ရွာသားလို့သိရတယ်။ ဘယ်သူဘယ်ဝါလဲတော့ မသိသေးဘူး” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကွမ်ဒူးကျေးရွာခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ရေးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ်တွင် စစ်ရေးအရှိန်မြှင့်တင်သွားမည်ဟု နှစ်ဆန်းပိုင်းက ထုတ်ပြန်ပြောဆိုထားပြီးနောက် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများနှင့် ဂိတ်တွေကို ဆက်တိုက် တိုက်ခိုက်လာခဲ့သည်။