spot_img
Sunday, April 28, 2024
More
    spot_img
    Homeသတင်းAnalysisမြေမြှုပ်မိုင်း မြေစာပင် ဖြစ်နေရသည့် ပြည်သူများ

    မြေမြှုပ်မိုင်း မြေစာပင် ဖြစ်နေရသည့် ပြည်သူများ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ

    ဗမာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံးတွင် မြေမြှုပ် မိုင်းအန္တရာယ် တဖန်ပြည်လည်ကြုံတွေ့လာခဲ့ရသည်။ စစ်တပ်အာဏာမသိမ်းခင်က မြေမြှုပ်မိုင်း မပေါက်ကွဲဖူးသည့်နေရာတို့တွင်လည်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလာပြီး လူသေဆုံးမှု၊ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရရှိသူများ ရှိလာခဲ့သည်။ 

    အထူးသဖြင့် စစ်ရေးအရှိန် မြင့်တက်လာသည့် ၂၀၂၃ ခုနှစ်အတွင်း မြေမြုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ် များ ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။

    မွန်ပြည်နယ်မှာတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁) လတာကာလအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ် (၁၉) ကြိမ်ထက်မနည်းရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးရသူ (၄) ဦးထက်မနည်းရှိကာ ထိခိုက်ဒဏ်ရာရသူတွေက ၂၄ ဦးထက်မနည်းရှိခဲ့ သည်ကို အချက်အလက်များက ဖော်ပြထားသည်။

    မြေမြှုပ်မိုင်း ဘာကြောင့်များလာရတာလဲ?

    စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် အင်အားစုနှင့် စစ် ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလားခဲ့သည်။ စစ်မီးတောက်လောင်သည့်ကာလ ကြာ မြင့်လာသည်နှင့်အမျှ စစ်ပွဲ၏ ဆိုးကျိုးများသည် ပြည်သူများအပေါ် တခုပြီးတခု ကျရောက်လာ သည်။ စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများအနက် ကာလအတန်ကြာ ပျောက်ကွယ်နေသည့် မြေမြှုပ်မိုင်းအန္တရာယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 

    နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တို့၏ အစီရင်ခံစာများအရ မြေမြှုပ်မိုင်းများကို ဗမာစစ် တပ်အပါအဝင် အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကလည်း အသုံးပြုနေသည်ဟု ထုတ် ပြန်ထားသည်။

    အခြားတစ်ဖက်တွင်လည်း စစ်ရေးပဋိပက္ခများ အရှိန်မြင့်လာသည်နှင့်အမျှ နှစ်ဖက်တိုက်ခိုက် နေကြသည့် အဖွဲ့အစည်းတွေက ရန်သူကို ကာကွယ်ဖို့ဆိုသည့်အကြောင်းပြချက်နဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုတွေကလည်း ပိုမိုမြင့်တက်လာမှာ အသေအချာပင်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကင်မွန်းချုံကျေးရွာအရှေ့ဘက် လယ်ကွင်းတစ်နေရာအတွင်း နွားစာမြက်ရိတ်သွားသည့် အသက် ၁၃ နှစ်အရွယ် လူငယ်သုံးဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးသွားသည့်ဖြစ်စဥ်ရှိခဲ့ သည်။

    အလားတူ နိုဝင်ဘာလ ၇ ရက် နှင့် ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်းတွင် အသက် ၁၈ နှစ်နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသား နှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ အသီးသီးရရှိခဲ့သေးသည်။ 

    မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၁ လတာကာလအတွင်း အရပ်သားပြည်သူ (၅) ဦး သေဆုံးပြီး (၁၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုအနက် အမျိုးသားတစ်ဦးမှာ မိုင်းအန္တရာယ် ကြောင့် ခြေထောက်ဖြတ်တောက်ခဲ့ရသည်။ 

    “ဆရာဝန် ပြောတာတော့ ညာဘက်ခြေထောက် ဖြတ်ရမယ်တဲ့၊ ဘယ်ဘက်ခြေထောက်ကလည်း အခန့်မသင့်ရင် ဖြတ်ရမယ် ပြောတယ်၊ ဒီမှာက မိုင်းတွေကို စိုးရိမ်နေတဲ့ကြားကနေ အခုလို ထပ်ဖြစ်တာ” ဟု ကျိုက်ထိုမြို့နယ်၊ ကညင်းကျေးရွာမှ မြေမြှုပ်မိုင်းနင်းမိတဲ့သူမိသားစုနှင့် နီးစပ် သူတစ်ဦးက ပြောသည်။

    Photo – ကျိုက်ထို အကျဉ်းဦးစီးပိုင်ရာဘာခြံတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြံလုပ်သား တစ်ဦး ပြင်းထန်ဒဏ်ရာရ (CJ)

    မွန်ပြည်နယ်အတွင်း အထူးသဖြင့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလျက်ရှိသည့် ရေးမြို့နယ်နှင့် သထုံခရိုင်အတွင်းက ဘီးလင်း၊ ကျိုက်ထို၊ သထုံ မြို့နယ်တို့၌ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည်။

    ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရေးမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် (၅) ကြိမ်၊ သထုံမြို့နယ် (၃) ကြိမ်၊ ကျိုက်ထိုမြို့နယ် (၅) ကြိမ်၊ ဘီးလင်းမြို့နယ် (၂) ကြိမ် စုစုပေါၚ်း (၁၅) ကြိမ်ထက်မနည်းရှိခဲ့သည်။

    မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးရသည့်သူများထဲတွင် အမျိုးသမီးနှင့် ကလေး များလည်း ပါဝင်သည်ကို တွေ့ရသည်။

    “အခုတော့ သထုံခရိုင်ဘက်မှ ကလေး (၄) ဦးနီးပါးလောက် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွား တာကို တွေ့နေရတယ်။ တစ်ဦးက နွားကျောင်းရင်းနဲ့‌ မြေမြှုပ်မိုင်းနင်းမိပြီး သွေးထွက်လွန်ပြီး ဆုံး သွားတာ၊ ပြီးခဲ့သည့်လကလည်း မြက်ရိတ်သွားရင် မိုင်းနင်းမိပြီး တစ်ပြိုင်နက်ဆုံးသွားတဲ့ ဖြစ်ရပ် လည်း ရှိနေတယ်” ဟု သထုံခရိုင် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

    မြေမြှုပ်မိုင်းအန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ပြည်သူများ

    မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာများကို ကြည့်မည်ဆိုလျှင် ဒေသခံပြည်သူများ အသုံး ပြုသွားလာနေသည့် လမ်းမများ၊ လုပ်ငန်းခွင်နေရာဖြစ်သည့် လယ်ယာမြေ၊ ရော်ဘာခြံ၊ ရာသီစာ များ ရှာဖွေစားသောက်နေရသည့် တောတောင်များနှင့် စစ်တပ်အနီးတဝိုက်နယ်မြေများ၊ လက် နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားသွားလာနေသည့်နေရာများပင်ဖြစ်သည်။

    ယခုကဲ့သို့ မြေမြှုပ်မိုင်းကို လက်လွယ်စပယ် အသုံးပြုလာမှုတွေကြောင့် အရပ်သားများလည်း စား ဝတ်နေရေးအတွက် တောင်ယာသွား၊ ထင်းခုတ်ရတဲ့ နေ့တဓူဝ အလုပ်တွေကိုတောင် လုပ်ကိုင်ဖို့ စိုးရိမ်ကြောက်လန့်နေကြရသည်။

    “ဘေးကလွှဲကြိုးတံတားအနီးတဝိုက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေ၊ နောက် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မကြာခဏဖြတ်သွားဖြတ်လာလုပ်တဲ့ နေရာတွေပဲ။ ဒေသခံတွေလည်း အဲဒီလမ်းကို သုံးပြီး ခြံနဲ့ တခြားရွာတွေကို သွားလာနေကြတယ်” ဟု ရေး မြို့နယ်၊ မော့ကနင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    ဒေသခံပြည်သူအချို့ကလည်း မြေမြှုပ်မိုင်းအန္တာရာယ်ကြားကပင် မိသားစုဝမ်းရေးအတွက် ဥယျာဉ်ခြံသွား အလုပ်လုပ်ကိုင်ရင်း မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရကာ ၎င်းတို့ မိသားစုဝမ်းစာအတွက် လက်ရှိဥယျာဉ်ခြံလုပ်ငန်းကို စွန့်လွှတ်ပြီး အခြားလုပ်ငန်း အခြားနယ်ပယ် ကို ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့သူများလည်း ရှိခဲ့သည်။

    Photo – ရန်ကုန်မော်လမြိုင်ကာလမ်းတွင် မြေမြှုပ်မိုင်းနင်းမိသည့် ဘေးတွဲဆိုင်ကယ်သမား တစ်ဦး

    ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ဘေးကလွှဲကျေးရွာမှ ဒေသခံတစ်ဦးကတော့ “ဒေသခံအများစုက တော့ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းလို့ပဲ ထင်နေကြတယ်။ အာဏာသိမ်းပြီးကတည်း က ကျွန်တော်တို့ဘက်မှာ ဒီလိုမျိုးတွေ စဖြစ်လာတာ။ အခုဆိုရင် ခြံလည်း မသွားရဲတော့ ဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုတို့အတွက် တရားမျှတ မှုရရှိရန် မဖြစ်မနေ ပြန်လည်လုပ်ဆောင်ပေးရမည်ဟု မြေမြှုပ်မိုင်းအန္တရာယ်ပပျောက်ရေး တက် ကြွလှုပ်ရှားသူများက တောင်းဆိုလာခဲ့ကြသော်လည်း ယနေ့အချိန်ထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးချေ။

    ဒေသခံအရပ်သားပြည်သူတွေဘက်ကတော့ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များကို ကူညီဖြေရှင်း ပေးနိုင်မည့် လူပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း မျှော်လင့်စောင့်စား နေကြသည်။

    “ဘယ်သူပဲဖြစ်ဖြစ် ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းစေချင်တယ်။ အခုလဲ မပေါက်ကွဲဖူးတဲ့ နေရာတွေမှာ အများကြီးဖြစ်ပွားလာတာကို တွေ့နေရတယ်” ဟု မြေမြှုပ်မိုင်းအန္တရာယ်ခံစား ခဲ့ရသည့် ဒေသခံတစ်ဦးက တောင်းဆိုလိုက်သည်။

    လက်သည်မပေါ်သည့် မြေမြှုပ်မိုင်း

    အရပ်သားများ မြေမြှုပ်မိုင်းဒဏ် ထိခိုက်ခံနေရသည့်အပေါ် သူတို့လက်ချက် မဟုတ်ဘူးလို့ ဗမာ စစ်တပ်ဘက်က အမြဲငြင်းဆိုလေ့ရှိသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း အရပ်သားတွေ နင်းမိနေသည့်မြေမြှုပ်မိုင်းတွေဟာ ၎င်းတို့ ထောင်ထားတာမဟုတ်ဘူးလို့ ငြင်းဆိုပြီး အပြန် အလှန် စွပ်စွဲလေ့ရှိကြသည်။

    သို့သော် မြေမြှုပ်မိုင်းနင်းမိနေသည့်နေရာတွေဟာ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားသွားလာ နေသလို တောင်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း လှုပ်ရှားသွားလာသည့် နေရာများပင်ဖြစ်သည်။ 

    မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်များ၏ နောက်ကွယ်က လက်သည်တရားခံအစစ်အမှန် မည်သူ ပင်ဖြစ်စေ အရပ်သားပြည်သူတို့ရဲ့ လူနေမှုဘဝကို ပျက်စီးစေနိုင်သည့် လုပ်ရပ်မျိုးကို ရှောင်ရှား သင့်ပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် မြေမြှုပ်မိုင်းကို ဆင်ဆင်ခြင်ခြင် အသုံးပြုပေးနိုင်ဖို့ မြေမြှုပ်မိုင်းဒဏ်ခံနေရသည့် ပြည်သူတွေက လိုလာနေကြ သည်။

    ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ၏ ထုတ်ပြန်ချက်အရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သည့် လက်နက်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရသူ အရေ အတွက်သည် များပြားလာပြီး ၂၀၂၁ ခုနှစ်နှင့်စာလျှင် ၂၀၂၂ ခုနှစ်က ၃၇ ရာခိုင်နှုန်းအထိ တိုးလာ သည်ဟု ထောက်ပြထားသည်။

    နိုင်ငံတကာမြေမြုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားသည့်အဖွဲ့ (ICBL) ၏ ၂ဝ၂၂ နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတရပ်တွင်လည်း မြန်မာနိုင်ငံတွင် လူသတ်မိုင်းဟုခေါ်သည့် Antipersonnel landmine အသုံးပြုမှု ပိုတိုးလာသည်ဟု ဖော်ပြထားသည်။

    ထို့ကြောင့် ကာလရှည်ကြာမည့် အလားအလာရှိသည့် ခုခံတော်လှန်စစ်ပွဲများ ပြီးဆုံးသွားလျှင်ပင် မြေမြှုပ်မိုင်းနှင့် စစ်အကြွင်းကျန်လက်နက်ပစ္စည်းတွေက အရပ်သားပြည်သူများ၏ ဘဝကို ဆက် လက်ခြိမ်းခြောက်နေဦးမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts