Homeသတင်းစစ်တပ်ရှိနေသည့်အတွက် တိုက်ပွဲထပ်ဖြစ်ပွားလာမည်ကို ခလယ်-တံခွန်တိုင်ဒေသခံများ စိုးရိမ်

စစ်တပ်ရှိနေသည့်အတွက် တိုက်ပွဲထပ်ဖြစ်ပွားလာမည်ကို ခလယ်-တံခွန်တိုင်ဒေသခံများ စိုးရိမ်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၃။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်‌ဒေသအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် တိုက်ပွဲထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

ခလယ်-တံခွန်တိုင်‌ဒေသအတွင်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စစ်ကြောင်းထိုးဝင်‌ရောက်လာသည့် စစ်ကောင်စီတပ်များသည် ယခုချိန်ထိ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု ဇီးဖြူကုန်း၊ ဘုရားကုန်းအနီးတွင် တပ်စွဲထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ် တပ်စွဲထားသည့် အနီးနားကျေးရွာရှိ ဒေသခံများ တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်လည်း ရှိသည်ဟု ဒေသခံတိုထံမှ သိရသည်။

“အခု စစ်တပ်တွေက ဇီးဖြူကုန်း၊ ဘုရားတွေဘက်မှာ တပ်စွဲထားတယ်။ အဲမှာကရဲစခန်းလည်းရှိနေတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီးတော့ တိမ်းရှောင်ကြတာရှိတယ်။ ရွာလုံးကျွတ်တော့မဟုတ်ဘူး။ ပစ်ခတ်မှုတွေက အချိန်မရွေးဖြစ်လာနိုင်တော့ ပြည်သူတွေက မနေရဲတော့ဘူး” ဟု ခလယ်မွန်စုရပ်မှ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့် ခလယ်-တံခွန်တိုင်ဒေသက ပြည်သူများ မုဒုံဘက်နှင့် ကျွန်းရွာဘက်သို့ ပြောင်းရွှေ့တိမ်းရှောင်နေကြရကြောင်း ခန့်မှန်းလူဦးရေ ၁၅၀၀ ခန့် ရှိနိုင်ကြောင်း ဆိုသည်။

လက်‌ရှိတွင် ခလယ်-တံခွန်တိုင်ဒေသတွင်း စစ်ရေးအခြေအနေ တင်းမားမှုမရှိသော်လည်း စစ်ကောင်စီတပ် အင်အားတိုးချဲ့လာတာ၊ ဒေသတွင်း ဝင်ရောက် တပ်စွဲလာခြင်းများရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“တပ်စွဲထားတာက အခုထိပါပဲ။ ဇီးဖြူကုန်း အနီးနားပတ်ဝန်းကျင်က အိမ်တွေက မပြန်ရဲကြဘူး။ ခလယ်ကွက်သစ်ကနေ့ ရဲစခန်းဘက်အထိက လမ်းတွေလည်းပိတ်ထားတယ်။ ဘုရားကုန်းဘက်လည်း ပေးမဝင်ဘူး” ဟု နောင်ဒေ့ကျေးရွာခံတစ်ဦးက ပြောသည်။

ခလယ်-တံခွန်တိုင်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် စာသင်ကျောင်းအများအပြားလည်း ပိတ်ထားရပြီး လက်ရှိအချိန်ထိ စာသင်ကျောင်းအများစု ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် ကလေးများလည်း ကောင်းကောင်းစာမသင်နိုင်ကြောင်း ဒေသခံကျောင်းသားမိဘတို့ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းရုံး ကေအဲန်ယူ ၊ ဒူးပလာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ ခလယ်- တံခွန်တိုင် ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ခလယ်-တံခွန်တိုင်အုပ်စုရှိ ဒေသခံ သောင်းနှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်။

တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခံရတာရှိနေကြောင်း တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့် ဒေသခံတို့ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts