ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းများကို ၂ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းခန့် ထောက်ပံ့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
နိုင်ငံတဝှမ်း ဖွဲ့စည်းထားသည့် PDF တပ်ရင်း၊ စစ်ကြောင်း ၃၀၀ ခန့်ကို ၁၆ ကြိမ်အထိ ထောက်ပံ့ခဲ့တာဖြစ်ပြီး နောက်ဆုံးထောက်ပံ့မှုက အမေရိကန်ဒေါ်လာ ၁ သန်းခန့် သုံးစွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ထောက်ပံ့မှု၏ ၈၆ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်လိုက်သည့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People’s Revolution Supply Family – PRF) အစီအစဥ်၏ ၂၁ လတာ ကောက်ခံရရှိသည့် ဘဏ္ဍာငွေများထဲမှ ထုတ်နှုတ်သုံးစွဲခဲ့ခြင်းလည်းဖြစ်ဟု NUG က ဆိုသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းစောင်းမကျန်” ဆိုပြီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို စက်တင်ဘာလ ၇ ရက်နေ့က စတင်ကြေညာခဲ့သည်။
လက်ရှိတွင် နိုင်ငံတဝှမ်း PDF တပ်ရင်းပေါင်း ၂၉၃ ရင်းကို စုဖွဲ့တည်ဆောက်ထားပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုရန် စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ဖွဲ့စည်းထားသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် အစီရင်ခံစာအရ သိရသည်။
