ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းမုန်တိုင်းငယ်သည် မေ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့အနီး ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းသည် မေ ၁၁ ရက် ညနေပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကာ မေလ ၁၂ ရက်တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့၍ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
မေ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေ ဘင်္ဂလားဒေ့ရှ်နိုင် ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ကော့ဘဇားမြို့နှင့် ကျောက်ဖြူမြို့ကြား ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ မိုင် ၉၀ မှ ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟုလည်း ဆိုသည်။
မုန်တိုင်းဖြတ်ကျော်စဥ် ဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၀ ပေမှ ၁၄ ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာနိုင်ငံ ကိုကိုးကျွန်းအနောက် တောင်ဘက် ရေမိုင် ၃၆၅ မိုင်၊ ဟိုင်းကြီးကျွန်းအနောက် တောင်ဘက် ရေမိုင် ၄၇၅ မိုင်၊ စစ်တွေမြို့အနောက် တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ ပို့ပလဲယား အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အမြင့်ဆုံး လေတိုက်နှုန်းမှာ ၁ နာရီ ၄၅ မိုင်နှုန်းခန့်ဖြစ်ကြောင်းလည်း ဆိုသည်။
မုန်တိုင်းအရှိန်ကြောင့် ယနေ့မနက်ပိုင်းမှ မေ ၁၅ ရက်နေ့အတွင်း တပြည်လုံး၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တိုင်းနှင့် ပြည်နယ်အချို့တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မေ ၁၂ ရက်မှ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဥ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့်အထိ ရှိနိုင်ကြောင်းလည်း မိုးဇလက ခန့်မှန်းထားသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဥ် ရေးပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။