Homeသတင်းကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး၊ တပ်ခွဲ ၁၊ တပ်ခွဲ ၆ နောက်တန်းစခန်းနေရာကို စစ်ကောင်စီမှ မေ ၇ ရက်နေ့ ည ၁၁ နာရီခန့်က ပထမအကြိမ် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေ ၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့  Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ကျားဖြူစစ်ကြောင်းဘက်မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာက ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်ဆီးမှုရှိသည်ဟု သိရပြီး အသေးစိတ်ကိုတော့ စုံစမ်းလျက်ရှိသည်။

၎င်းပြင် ဝါပသဲကျေးရွာနှင့် အနီးနားဝန်းကျင်က ရာနှင့်ချီသည့် ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေဒေသအတွင်း ရှိနေသည်ဟု သိရသည်။ 

KNU တပ်မဟာ ၆ နယ်မြေတွင် ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီမှ လူနေကျေးရွာထဲ လေကြောင်းဖြင့် ၃၁ ကြိမ် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းအပါအဝင် နေအိမ် ၄၀၀ နီးပါး ပျက်ဆီးပြီး ၁၂ လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုထားသည်။

စစ်ကောင်စီတပ်မှ လေကြောင်းနှင့် မြေပြင်ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၂၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ KNU တပ်မဟာ ၆ နယ်မြေအတွင်း ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဥ်နှင့်အမျှ ကျူးလွန်နေကြောင်းလည်း ထုတ်ပြန်ထားသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts