Homeသတင်းဘုရားသုံးဆူမြို့ရဲစခန်း တိုက်ခိုက် မီးရှို့ခံရ

ဘုရားသုံးဆူမြို့ရဲစခန်း တိုက်ခိုက် မီးရှို့ခံရ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရဲစခန်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က တိုက်ခိုက်ခံရပြီး မီးရှို့ခံရကြောင်း မြို့ခံတို့က ပြောသည်။

ဘုရားသုံးဆူမြို့ ရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲစခန်းရှိ စစ်ကောင်စီတပ်တို့နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ၁ နာရီခွဲခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသေးသည်ဟု မြို့ခံတို့က ပြောသည်။

“ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်တိုက်ပြီး မီးရှို့တော့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြတာ၊ မနက် ၇ နာရီခွဲလောက်မှာမှ တိတ်သွားကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုရှိသည့်အပြင် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးသွားသည်လည်းရှိသည်ဟု ဒေသခံတို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုငြိမ်းသက်သွားပြီးနောက် ဘုရားသုံးဆူမြို့ပေါ်က စျေးများ ပုံမှန်ပြန်ဖွင့်နေသည့်အပြင် မြို့ပေါ်တွင်လည်း ပုံမှန်သွားလာနေကြသည်ဟု မြို့ခံတို့က ပြောသည်။

“စျေးတွေလည်း ပုံမှန်ပြန်ဖွင့်နေပြီး မြို့ပေါ်က လူအသွားအလာကလည်း ပကတိအခြေအနေပြန်ဖြစ်ပြီးနေပြီး၊ စစ်ဆေးတာ လုံခြုံရေးချထားတာတွေလည်း မတွေ့ရဘူး” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု မြို့ခံတို့က ပြောဆိုနေသော်လည်း အသေးစိတ်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများဖြစ်သည့် လဝကရုံး၊ ထွေ/အုပ်ရုံးတို့ကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘုရားသုံးဆူမြို့ခံ ရာနှင့်ချီ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts