Homeသတင်းမိခင်ဘာသာစကားအခြေပြု ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ဟုဆို

မိခင်ဘာသာစကားအခြေပြု ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ဟုဆို

-

မိခင်ဘာသာစကားအခြေပြု ပညာသင်ကြားရေးစနစ်အတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ဟု ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြားကာလတွင် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် မိခင်ဘာသာစကားအခြေပြု ပညာသင်ကြားရေးစနစ်များကို လေ့လာဖော်ထုတ်ခြင်း၊ သုတေသနပြုစုခြင်း၊  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဒေသအလိုက်မူဝါဒဖွံ့ဖြိုးမှု လုပ်ငန်းများကို အားပေးထောက်ခံကာ ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။ 

၎င်းပြင် မိခင်ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသော တိုင်းရင်းသား ပညာရေးဌာနများနှင့် စာပေယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ MTB-MLE ကျွမ်းကျင် ပညာရှင်များ၊ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၊ MTB-MLE ဖွံဖြိုးရေး လုပ်ဆောင်နေသော ပြည်တွင်းပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs၊ NGOs)၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSOs)၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းများ (Faith Based Organizations)၊  နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများ (Inter-Governmental Agencies) အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရရာ၊ တိုင်းရင်းသား ဘာသာစကားများ ဆိုင်ရာ အခွင့်အရေးများနှင့် ဖွံ့ဖြိုးခွင့်ကို လျစ်လျူရှုခံခဲ့ရပြီး မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုသော စာပေများ၊ သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့် မရရှိခဲ့ပေ။ 

တိုင်းရင်းသားများစွာ ပေါင်းစည်းနေထိုင်ကြသော မြန်မာနိုင်ငံတွင် စုံလင်လှပသော လူမျိုးများ၏  ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် တိုင်းရင်းသား ဘာသာစကားများ အားလုံးကို အသိအမှတ်ပြု တန်ဖိုးထားကြောင်းလည်း ထုတ်ပြန်ထားသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (အစိတ်အပိုင်း ၁) (Federal Democracy Charter  Part 1) လူမှုရေးဆိုင်ရာ အခွင့်အရေး ပုဒ်မ (၃၈)၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး ပုဒ်မ (၄၃) အရ တိုင်ရင်းသားဘာသာစကား၊ မိခင်ဘာသာစကားသင်ကြားရေးကိစ္စရပ်များအား အာမခံချက်ကို အတိအလင်း ဖော်ပြထားပြီးဖြစ်ရာ၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ပညာရေးဥပဒေဆိုင်ရာ အစပျိုးခြင်း ဖြစ်သည်။ 

ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒ (မူကြမ်း) (Federal Democracy Education Policy – Draft) အရ ဖက်ဒရယ်ယူနစ်များသည် အဓိကပညာရေး ဝန်ဆောင်မှု ဖော်ဆောင်သော အစိုးရများ ဖြစ်လာမည်ဖြစ်ရာ တိုင်းရင်းသားများအားလုံး ကိုယ်စားပြု ပါဝင်သော မိခင်ဘာသာ စကား အခြေပြု၊ ဘာသာစကားစုံ ပညာရေးစနစ်တို့ကိုလည်း ဒေသအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာသင်ကြားရေး (Mother Tongue-Based Multilingual Education – MTB-MLE) အစီအစဉ်များ ဆောင်ရွက်ခြင်းသည် ဘာသာ စကားများ ရှင်သန်ရန် အားပေးခြင်း၊ ကျောင်းသူ/ကျောင်းသားများ၏ မိခင်ဘာသာစကား (L-1) ဖွံ့ဖြိုးရန်ကူညီပေးခြင်း၊ ဒေသသုံး/နိုင်ငံသုံး၊ နိုင်ငံတကာဆိုင်ရာဘာသာစကားများ တတ်မြောက်ရန် လည်း အထူးအကူအညီပြုကာ ကျောင်းသူ/ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှုနှင့် ကျောင်းပညာ သင်ယူခြင်းကို များစွာ အထောက်အပံ့ပြုသည်ဟု ဆိုသည်။

လူ့အဖွဲ့အစည်းအတွင်း တိုင်းရင်းသားလူနည်းစုများ၏ မိခင်ဘာသာစကားများ အားလုံးကို မြှင့်တင်ခြင်းအားဖြင့် လူမှုသဟဇာတဖြစ်မှု (Social Cohesion) ကိုလည်း ပျိုးထောင်ပေးနိုင်ကာ၊ စီးပွါးရေး၊ ဥပဒေဆိုင်ရာ၊ အုပ်ချုပ်ရေး ကဏ္ဌများတွင်လည်းအကျိုးပြုသော နိုင်ငံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အလွန်အရေး အကြီးသော အရင်းအမြစ်တစ်ခုကို အားပေးမြှင့်တင်ခြင်း ဖြစ်ပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts