မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပေါင်းရပ်ကွက် ဘူတာပိုင်းနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတို့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ပေါင်းရပ်ကွက်နေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကိုကိုလေးသည် နေအိမ်စျေးဆိုင်တွင် စျေးရောင်းနေစဥ် အမည်မသိလက်နက်ကိုင် နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကိုကိုလေးသည် ဝဲရင်ညွန့်ကျည်ဖောက်ဝင်၊ ဝမ်းဗိုက်ယာဘက် ကျည်ဖောက်ဝင်၊ ဝဲမေးစေ့ကျည်ဖောက်ဝင်၊ ယာပါးမှ ယာနှုတ်ခမ်းကျည်ဖောက်ဝင်၊ ယာလက်မောင်းကွေးကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပေါင်းမြို့ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
“ညနေ ၆ နာရီကျော်လောက်က သူအိမ်မှာရှိနေတယ်၊ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ သေနတ်နဲ့ ၆ ချက်လောက်ပစ်သွားတယ်၊ လူနာကို မော်လမြိုင်ဆေးရုံကို ပို့တာ လမ်းမှာပဲ ဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်သည့် ဦးကိုကိုလေးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုအနေဖြင့် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုံးနိမ့်ထားသူဖြစ်သည်။
ဦးကိုကိုလေးကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားပြီး ဦးကိုကိုလေးသည် ပြည်သူနှင့် လူငယ်များ ဖမ်းဆီးခံရအောင်၊ PDF နှင့် မိသားစုဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရအောင် လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီရွေးကောက်ပွဲအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက် ယခုလို ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပေါင်မြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်အချို့ ဗုံးဖောက်ခွဲတိုက်ခိုက်ခံနေရသည့်အပြင် ကိုယ်စားလှယ်လောင်း ပစ်သတ်ခံရသည့် ဖြစ်စဥ်တွေလည်း မကြာခနဖြစ်ပွားလေ့ရှိသည်။




