မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့နေသည်ဟုဆိုကာ စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဝယ်ဝင်္ကရာကျေးရွာနေတွင် နေထိုင်ပြီး ရော်ဘာအစေးခြစ်နေကြသည့် အသက် ၃၁ နှစ်အရွယ် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူနှင့် ဇနီးဖြစ်သူ မဖြူဖြူအောင် (ခ) မဖြူတို့ကို စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ခန့်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့က တော်လှန်ရေးအဖွဲ့တွေထံကို စစ်တပ်သွားလာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုဇနီးမောင်နှံနှစ်ဦးသည် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီး ပိန္နဲတောကျေးရွာဘက်က ရော်ဘာခြံတို့တွင် ရော်ဘာစေး လိုက်ခြစ်နေကြသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့၏ အဆိုအရ ထိုဇနီးမောင်နှံနှစ်ဦးသည် သံဖြူဇရပ်မြို့နယ်အတွင်း တပ်စစ်ကြောင်း လှုပ်ရှားသွားလာမှုကို KNLA/PDF များထံ သတင်းပေးခြင်းနှင့် KNLA/PDF အဖွဲ့များ သိပါလျှက် သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းမရှိသည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် အောင်မြင့်မိုရ်ထက် (ခ) မောင်ဖြူနှင့် ဇနီးဖြစ်သူ မဖြူဖြူအောင် (ခ) မဖြူဆိုသူတို့နှစ်ဦးကို သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သံဖြူဇရပ်အပါအဝင် မွန်ပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး ဒေသခံပြည်သူများကို စစ်ကော်မရှင်တပ်က ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လေ့ရှိသည်။
၎င်းပြင် တော်လှန်ရေးတပ်ဖွဲ့တို့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ အရပ်သားပြည်သူ ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူလားသည်။




