Homeသတင်းယမ်းအသုံးပြုခွင့်မရလို့ ကျောက်မိုင်းလုပ်ငန်းအများစု ရပ်နားထားရ

ယမ်းအသုံးပြုခွင့်မရလို့ ကျောက်မိုင်းလုပ်ငန်းအများစု ရပ်နားထားရ

-

photo : google

မွန်ပြည်နယ်အတွင်းရှိ ကျောက်မိုင်းလုပ်ငန်းများ ယမ်းအသုံးပြုခွင့်လိုင်စင် မရသောကြောင့် လုပ်ငန်းများအားလုံးနီးပါး ရပ်နားထားရကြောင်း ကျောက်မိုင်းလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ယမ်းအသုံးပြုခွင့်ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ကန့်သတ်လိုက်သည်ဟု ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဝယ်လို့လည်း မရဘူး၊ လိုင်စင်လျှောက်ထားတာလည်း ပြီးခဲ့တဲ့နှစ်ကတည်းကပဲ အခုထိ လိုင်စင်မကျဘူး၊ အကြောင်းလည်းမကြားလာဘူး၊ အဲတော့ ဘာမှလုပ်လို့မရဘူး၊ ဒီအတိုင်းရပ်ထားရတယ်” ဟု ၎င်းက ပြောသည်။

ယမ်းဝယ်မရသောကြောင့် ကျောက်မိုင်းလုပ်ငန်းများ တဖြည်းဖြည်းရပ်နားလာရကာ ယခုဆိုလျှင် ကျောက်မိုင်းလုပ်ငန်းအားလုံးနီးပါး ရပ်နားကြရသည်ဟုလည်း လုပ်ငန်းရှင်တို့ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ကျောက်မိုင်းလုပ်ငန်း ၁၄၀ ကျော်ရှိပြီး သစ်တောဦးစီးဌာနမှ လိုင်စင်ထုတ်ပေးထားသည့် လုပ်ငန်း ၂၄ ခုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုင်စင်ထုတ်ပေးထားသည့်ကျောက်မိုင်း ၁၀၀ ကျော် ရှိသည်။

“(ယမ်း)အသုံးပြုခွင့်လိုင်စင်ကို စောင့်ရင်းစောင့်ရင်း လုပ်ငန်းတွေက ရပ်ကုန်ကြပြီ၊ တောင့်မခံနိုင်တော့ဘူးလေ။ လုပ်ငန်းမှ မလည်ပတ်ရတာ” ဟု အခြားကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လုပ်ငန်းများရပ်နားလိုက်ရသောကြောင့် ကျောက်မိုင်းလုပ်သားများ၏ မိသားစု စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် လမ်းခင်းကျောက်များကို ကျိုက်ထို၊ သထုံ၊ ပေါင်၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် အဓိက ထုတ်လုပ်နေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts