သမ္မတနေရာကို ရယူထားသည့် မြန်မာစစ်တပ်အဖွဲ့မှ လေကြောင်းတိုက်ခိုက်ရာ၌ နှစ်ကြိမ်ဆင့် တိုက်ခိုက်နည်းများကို ပိုအသုံးပြုလာနေ၍ အရပ်သားအများအပြား ထိခိုက်သေဆုံးနေရကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏ နှစ်ပတ်လည်အစီရင်ခံစာ တင်ပြစဉ်တွင် ပြောဆိုထားသည်။
သြဂုတ်လ ၉ ရက်နေ့၏ အစီရင်ခံစာအရ မြန်မာစစ်တပ်က ရွေးကောက်ပွဲမတိုင်မီကာလနှင့် အစိုးရနေရာရယူပြီး ကာလများအတွင်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အခြားရာဇဝတ်မှုများကို တိုးမြှင့်ကျူးလွန်လာခဲ့ပြီး ယင်းတိုက်ခိုက်မှုများ ယနေ့အထိ လျော့နည်းသွားခြင်းမရှိဟုလည်း သိရသည်။
လေကြောင်းတိုက်ခိုက်ရာ၌လည်း ပထမအကြိမ်တိုက်ခိုက်မှုအပြီး ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ရန် ကြိုးပမ်းနေသူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ကို စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိရကြောင်း ယန္တယား၏အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။

"ဒုတိယအကြိမ် လာပြီးတိုက်ခိုက်တာက စစ်တိုက်တဲ့သူတွေကို ရည်ရွယ်တာမဟုတ်ဘူး။ ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်လာကယ်တဲ့သူတွေကို တိုက်ခိုက်တာ ဖြစ်တယ်ပေါ့နော်။ အဲအတွက်ကြောင့်မို့ ဒီအမှုက ပိုပြီး ကြီးလေးပါတယ်။"ဟု ဆိုသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် သမားရိုးကျ စစ်လေယာဉ်များဖြင့်မဟုတ်ဘဲ ပါရာမော်တာနှင့် ဒရုန်းများကို တိုး၍ အသုံးပြုလာခြင်းကြောင့် တိုက်ခိုက်မှုများကို ကြိုတင်သတိပြုရန်ခက်ခဲလာပြီး ထွက်ပြေးရန် သို့မဟုတ် ပုန်းခိုရန်အခွင့်အလမ်းများ လျော့နည်းလာခဲ့သည်။
ထိုအချက်များသည် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများက တာဝန်ခံမှုရှိစေရန် အရေးတကြီးလိုအပ်နေကြောင်းလည်း အစီရင်ခံစာက ဆိုထားသည်။
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၆ ခုနှစ် ၆ လတာအတွင်း စစ်တပ်၏ တိုက်ခိုက်မှုများအရှိန်မြင့်လာပြီး စာသင်ကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၁၀ လုံး၊ ခရစ်ယာန် ဘုရားကျောင်း ၅ လုံ့နှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးနေကြောင်း မြန်မာပြည်တောင်ပိုင် လူ့အခွင့်အရေးအဖွဲ့များ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။
စစ်အုပ်စု၏ ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာမှ အကူအညီအပေးနိုင်သည့် အခြေအနေအတွင် မရှိနေသည်ဟုလည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေရှင်း ဒါရိုက်တာ နိုင်အဲမွန်က IMNA နှင့် တွေ့ဆုံမေးမြန်းချက်တစ်ခုတွင် ဆိုသည်။
"စစ်အစိုးရရဲ့ လုပ်ရပ်ကို နိုင်ငံတကာတို့ အာဆီယံတို့မသိတာမဟုတ်ဘူး။ သိတယ်။ ဥပဒေတွေက ဆွေးနွေးပွဲအပြင်မှာ ဖျက်ဆီးလို့မရဘူး။ ဥပဒေထဲမှာပဲ လုပ်ရမှာဆိုတော့လေ၊ NUG လည်း သူတို့ကို ရင်မဆိုင်နိုင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သူ့ကိုရင်မဆိုင်နိုင်ဘူး။ ကြားထဲမှာလည်း တရုတ်နဲ့ဖိအားပေးခံနေရတာရှိတယ်။ ပြောချင်တာကလေ နိုင်ငံတကာတွေက အကူအညီမပေးနိုင်တော့ဘူး။ ကိုယ်လိုချင်ရင် ကိုယ့်ဘာသာကြိုးစားရမယ်ဆိုတာပဲ။"ဟု ပြောသည်။
IIMM အနေဖြင့် မြန်မာစစ်တပ်မှ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သက်သေအထောက်အထားများကို IIMM ရာဇဝတ်ခုံရုံးနှင့် အာဂျင်တီးနားရုံးသို့ ပို့ဆောင်ထားသလို နောက်ထပ် စိစပ်သုံးချက် အစီရင်ခံစာများကို တရားရေးအာဏာပိုင်များက အပြီးသတ်လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ယန္တရား၏ စုံစမ်းစစ်ဆေးမှုများသည် သက်သေ ၇၅၀ ကျော်၏ ထွက်ဆိုချက်များအပါအဝင် ရင်းမြစ်ပေါင်း ၁၆၀၀ ကျော်မှ ရရှိသော အချက်အလက်များအပြင် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံ၊ ဂြိုလ်တုပုံ၊ ဆိုရှယ်မီဒီယာပိုစ့်နှင့် မူခင်းဆေးပညာများအပေါ် အခြေခံထားကြောင်းလည်း ဆိုသည်။




