Homeသတင်းမွန်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသေး

မွန်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသေး

-

မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းများ မြေပြင်တွင် လုပ်ငန်းဆောင်ရွက်ထားခြင်းမရှိသေးဘူးလို့ ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကော့ပရံနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာအနီးက မြေဧရိယာ ၄၆၀၀ ဧကကျော်ပေါ်တွင်  နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရန် စစ်ကောင်စီက လျာထားခဲ့သည်။

စီမံကိန်းသတ်မှတ်ထားသည့်မြေဧရိယာအတွင်း ဒေသခံတို့၏ လယ်ယာမြေများပါဝင်ပြီး ၎င်းအတွက် လျော်ကြေးပေးသွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။

သို့သော်လည်း မြေပြင်တွင် ယနေ့အထိ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသလို လယ်ယာမြေများအတွက် လျော်ကြေးပေးမည့်ကိစ္စကိုလည်း စစ်ကောင်စီဘက်က လာရောက်ညှိနှိုင်းခြင်းမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောသည်။

“အခုဟာက သူတို့က ဘာမှလုပ်ဆောင်တာ မရှိဘူးလေ။ ကျွန်တော်တို့ လယ်သမားတွေနဲ့ တွေ့ပြီးတော့ လက်မှတ်ထိုးထားတာလောက်ပဲ ရှိတယ်။ လျော်ကြေးပိုင်းတွေ ဘာမှမလာသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။

လယ်ယာမြေများအတွက် တစ်ဧကလျင် လျော်ကြေးငွေမည်မျှပေးမည်ကို စစ်ကောင်စီဘက်က မသတ်မှတ်ရသေးဘူးလို့လည်း သိရသည်။

အဆိုပါ စီမံကိန်းနေရာရှိ လယ်ယာမြေများသည် တစ်ဧကလျှင် ကျပ် ၄၅ သိန်းဝန်းကျင် ပေါက်ဈေးရှိ‌နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

လက်ရှိအချိန်အထိ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတို့အား လာရောက်ရှင်းပြထားခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိသေးဘူးလို့လည်း ဒေသခံတို့က ပြောသည်။

“ဘာမှ ကန့်သတ်တာ၊ သတ်မှတ်တာ မရှိသေးဘူး။ ညီမတို့ဆီမှာရှိတဲ့ မြေပုံကြမ်းလောက်ပဲရှိသေးတယ်။ လယ်ဘယ်နှဧကပါမယ်။ ဘယ်လောက်ပါမယ်ဆိုတာ လယ်သမားတွေ ဘာမှမသိထားရသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းအပေါ် လူထုအကြား ၀ေဖန်ခံနေရသည့်အပြင် မွန်ပြည်နယ် ကိုယ်စားပြုကော်မတီကလည်း အဆိုပါစီမံကိန်းသည် လူတစ်စုကောင်းစားရေးအတွက်သာဖြစ်ပြီး တရား၀င်အစိုးရမဟုတ်သည့်အတွက် စီမံကိန်းလည်း တရားမဝင်ဘူးလို့ ဇူလိုင်လက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts