Homeသတင်းတိုင်းရင်းဘာသာသင်ကြားလျက်ရှိသော အစိုးရကျောင်းများတွင် မွန်ဖတ်စာအုပ်များ လုံလောက်မှုမရှိသဖြင့် မိတ္တူဆွဲ၍သင်ကြားနေရ

တိုင်းရင်းဘာသာသင်ကြားလျက်ရှိသော အစိုးရကျောင်းများတွင် မွန်ဖတ်စာအုပ်များ လုံလောက်မှုမရှိသဖြင့် မိတ္တူဆွဲ၍သင်ကြားနေရ

-

မွန်သတင်းအေဂျင်စီ(၄ ဇူလိုင် ၂၀၂၂)

တိုင်းရင်းသားဘာသာ သင်ကြားနေသည့် အစိုးရစာသင်ကျောင်းများတွင် မွန်ဖတ်စာအုပ်များ လုံလောက်မှုမရှိခြင်းကြောင့် မိတ္တူဆွဲ၍သာ သင်ကြားနေရကြောင်း သိရသည်။

မွန်စာဖတ်စာအုပ်များကို အသစ်ထုတ်ဝေပေးခြင်းမရှိသည့်အပြင် ယခင်ကထုတ်ဝေပေးခဲ့ရာတွင်လည်း မလုံမလောက်ဖြစ်နေသည့်အတွက် စာသင်ကြားရာတွင် အခက်အခဲတွေ့နေရကြောင်း သံဖြူဇရပ်မြို့နယ် တိုင်းရင်းသားဘာသာသင်ဆရာ ဦးမင်းဇော်က ပြောသည်။

“အစည်းဝေးခေါ်ပြီးတော့ စာအုပ်တွေကိုတစ်ခါဝေပေးဖူးတယ် ကုန်သွားတော့ အခုချိန်ထိမရသေး၊ ဘယ်တော့ရမလဲဆိုတာ ပညာရေးမှုးရုံးကလည်းမသိဘူး၊ ကလေးအယောက် ၅၀ မှာဆို ၂၅ အုပ်ပဲရှိတယ် ကျန်တာတွေကိုတော့ မိတ္တူကူးရမှာပေါ့၊ မနှစ်ကဆို စာအုပ်မရှိလို့ကျောက်သင်ပုန်းမှာပဲ ချရေးပြီးသင်ရတာ ဒီနှစ်မှာလည်း ပထမတန်းရော ဒုတိယတန်းရော စာအုပ်လုံလုံလောက်လောက်မရှိသေးပါဘူး” ဟု ဆရာဦးမင်းဇော်က ပြောသည်။

အလားတူ မွန်ဖတ်စာအုပ်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကသာ တစ်ကြိမ်ရရှိခဲ့ပြီး နောက်ပိုင်း မွန်ဖတ်စာအုပ်များ မရရှိတော့ကြောင်း ကရင်ပြည်နယ်အတွင်းရှိ အစိုးရကျောင်းတွင် မွန်စာပေသင်ကြားနေသည့် ဆရာမများမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုပူးပေါင်းအဖွဲ့(ဗဟို) အတွင်းရေးမှူး နိုင်မွန်ရာဇာက “ကျောင်းတွေဖွင့်လို့ စာသင်နေပါပြီ၊ ဒါပေမယ့်ဖတ်စာအုပ်တွေက မရှိဘူး၊ ဒါကိုဘယ်သူက ထုတ်ဝေပေးမှာလဲ  အစိုးရကပဲ တာဝန်ယူထုတ်ဝေရမှာ၊ စာတွေလည်း သင်နေပြီးဖြစ်တဲ့အတွက်  ဒီပြဿနာကို သက်ဆိုင်ရာက အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်” ဟုပြောသည်။

ဒါ့အပြင် တိုင်းရင်းသားဘာသာသင် LT ( language teacher) ဆရာ ဆရာမအချို့ စာသင်ကြားနေသော်လည်း ပညာရေးဌာနတွင် စာရင်းမဝင်သေးသောကြောင့် လစာမရသေးကြောင်းလည်း နိုင်မွန်ရာဇာက ပြောသည်။

တိုင်းရင်းသားဘာသာသင် ဆရာ/မ များကို အစိုးရမှ တရားဝင်ခန့်ထားသည့် နေ့စားလပေး TA ( Teaching Assistant)ကို တစ်လလျှင် ၁ သိန်း ၃ သောင်းကျပ်နှုန်း၊ LT(language teacher) တစ်ဦး တစ်လ ၆ သောင်းကျပ်နှုန်းဖြင့်  ၂၀၂၁ ဒီဇင်ဘာလက တိုးမြှင့်ပေးထားကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းအသီးသီးတွင် မွန်စာသင် ၂၇၀ ကျောင်း ကရင်စာသင် ၂၇၃ ကျောင်းနှင့် ပအိုဝ်းစာသင် ၃၀ ကျောင်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts