Homeသတင်းလူစုလူဝေးနှင့် ဆေးရုံကဲ့သို့ နေရာများကို သွားပါက Mask မဖြစ်မနေ တပ်ဆင်ရန် တိုက်တွန်း

လူစုလူဝေးနှင့် ဆေးရုံကဲ့သို့ နေရာများကို သွားပါက Mask မဖြစ်မနေ တပ်ဆင်ရန် တိုက်တွန်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၅)

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့ကျခဲ့သော်လည်း လူစုလူဝေးများသော နေရာနှင့် ဆေးရုံ၊ ဆေးခန်း နေရာများကို သွားမည်ဆိုပါက မဖြစ်မနေ Mask တပ်ဆင်ကြရန် ပြည်နယ်အတွင်း ကိုဗစ်အရေး ကူညီဆောင်ရွက်သူများက တိုက်တွန်းထားသည်။

ပြည်နယ်အတွင်း ကိုဗစ် – ၁၉ ရောဂါ အတည်ပြုလူနာ တွေ့ရှိမှု၊ ကူးစက်မှု သိသိသာသာ လျော့ကျခဲ့သော်လည်း ပြည်သူများ မပေါ့ဆသင့်သေးကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

“အခုနောက်ပိုင်းကတော့ လူတွေတော်တော်များများကလည်း  Mask မတပ်ကြတော့ပါဘူး။ ဒါပေမယ့် လူစုလူဝေးများတဲ့နေရာတွေ နောက်တစ်ခုက ဆေးရုံပေါ့။ ကူးစက်မြန်နိုင်တဲ့နေရာတွေပေါ့။ ဒါတော့ တပ်ထားရမှာပေါ့နော်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့ကျလာ‌သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းကို ဖြေလျော့ပေးခဲ့ပြီး  မဖြစ်မနေ တပ်ဆင်ရမည့်နေရာများအား ဇွန် ၃၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

အခန်းတွင်း၌ လူတစ်ဦးနှင့် တစ်ဦး နီးကပ်စွာရှိနေချိန် ၊ အများပြည်သူအသုံးပြုသည့် ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်အစရှိသည့် ယာဉ်များဖြင့် ခရီးသွားလာ‌ခြင်း၊ ဆေးရုံ၊ ကျောင်း၊ ရုံးနှင့် ဈေးဝယ်စင်တာများသို့ သွားခြင်း စသည့်အချိန်တို့တွင်  Mask ကို မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့သည်။

ကိုဗစ်အရေး ကူညီနေသည့် စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက “အခုက ကိုဗစ်ကတော့ လျော့လာပြီပေါ့။ ရာသီတုပ်ကွေးချိန်ဆိုတော့ နေမကောင်းဖြစ်နေတဲ့ ရောဂါလက္ခဏာရှိရင် mask တပ်ထားဖို့လိုတယ်။ ကိုဗစ်မရှိတော့ဘူးဆိုပြီး ပေါ့ပေါ့ဆဆနေလို့တော့ မရသေးဘူး။ အဲဒါကြောင့် mask တပ်တာကတော့ အကောင်းဆုံးကာကွယ်နည်းပဲ”ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဦးစီးဌာနမှ ဖြေလျော့ပေးခဲ့သော်လည်း  ပြည်သူများအနေဖြင့် mask တပ်ဆင်ခြင်းကို စနစ်တကျ ဆက်လက်လိုက်နာဖို့ လိုကြောင်း သတိပေးပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရုတ်တရက် အနံ့ပျောက်ခြင်း၊ ဖျားနာခြင်းများ စသည့် ကိုဗစ် ၁၉ ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts