မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်းလုယက်ခံရမှုများအပြင် လူငယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ကမာဝက်အခြေစိုက် ခမရ (၂၀၉) တပ်ရင်းမှ တာဝန်ရှိသူများနှင့် BGF တို့ ပါဝင်ပတ်သက်မှုရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လကုန်ပိုင်းက ဖယ်ဒို၊ ကွန်လှာ၊ ဂုန်ညင်းတန်းကျေးရွာတို့တွင် လူငယ်များစီးနင်းလာသည့် ဆိုင်ကယ်နှင့် ဖုန်းများ မကြာခဏ လုယက်ခံနေရပြီး ယနေ့အချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေသည့် လူငယ်တစ်ဦးလည်း ရှိနေသည်။
ဖမ်းဆီးထားသည့် လူငယ်နှင့် ပျောက်ဆုံးနေသည့် တန်ဖိုးရှိ ပစ္စည်းများကို ကမာဝက်နယ်မြေရဲစခန်းနှင့် ခမရ (၂၀၉) တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း အကြောင်းကြားလေ့ရှိပြီး ချိန်းဆိုထားသည့်နေရာတွင် ငွေကြေးသွားရောက်ပေးဆောင်ရကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သည့် မုဒုံဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကလေးတွေကို ကားနဲ့ခေါ်သွားပြီးတော့ အစမှာ မုဒုံရဲစခန်းအနီးမှာ လာတွေ့ဖို့ခေါ်တယ်။ အဲဒီနေရာက အခြေအနေမကောင်းတော့ ကျောက်တစ်လုံးတောင်ခြေမှာပဲ ပိုက်ဆံလာပေးဖို့ တစ်ခေါက်ပြန်ပြောလာတယ်။ ကလေးတစ်ယောက်ကို သိန်း ၂၀ ပေးမှ လွှတ်ပေးမယ်လို့ပြောတယ်” ဟု ပြောသည်။
လူငယ်များ စီးနင်းလာသည့် ဆိုင်ကယ်များကို သေနတ်ပြလုယက်သည့်ပုံစံအပြင် စစ်ဝတ်စုံအပြည့်ဖြင့် လမ်းမကြီးတွင် စောင့်ဆိုင်းဖမ်းဆီး ယူဆောင်ခြင်းများလည်း ရှိနေကြောင်း သိရသည်။
ထိုသို့ဖြစ်စဉ်များကို ကမာဝက်အခြေစိုက် (၂၀၉) တပ်ရင်း တာဝန်ခံနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် BGF အဖွဲ့တို့က ကြိုးကိုင်လုပ်ဆောင်နေသည်ဟု ယူဆရကြောင်း ဒိုးမားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သူတို့ (စစ်တပ်သားတွေ) ဒိုးမား-ကလော့သော့ကြားက လမ်းမကြီးနေရာတွေ (ရေတံခွန်ကြီး) မှာ နေ့တိုင်းစောင့်နေတာ။ အထူးသဖြင့် ညနေပိုင်းပေါ့။ ကလေးတွေ ရေတံခွန်မှာ ရေလာဆော့တာပဲဖြစ်ဖြစ်၊ သံဖြူဇရပ်က လာတဲ့သူတွေဖြစ်ဖြစ်တွေ့ရင် ဖမ်းတယ်။ သူတို့က စစ်သားအဝတ်နဲ့ပဲစောင့်တယ်။ ဒါပေမဲ့ BGF တွေပဲ ဖမ်းတယ်၊ ဗမာစစ်သားတွေက ကြိုးကိုင်သူတွေပေါ့” ဟု ဆိုသည်။
မုဒုံမြို့နယ်နှင့် အလားတူ ပေါင်နှင့် ရေးမြို့နယ်တို့တွင်လည်း ထိုသို့ဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ သို့သော် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးနိုင်သူ မရှိသေးကြောင်း ၎င်းတို့က ဆက်လက်ပြောသည်။
ကလော့သော့ကျေးရွာ ဒေသခံတစ်ဦးက “ကျေးရွာဥက္ကဋ္ဌကတော့ သူ ကြိုတင်ပြောထားပြီးသားပဲ။ ည ၈ နာရီကျော်လို့ အပြင်ထွက်တဲ့လူတွေ ပျောက်သွားရင် သူတို့ တာဝန်မယူပေးနိုင်ဘူး။ အခု နေ့ခင်းပိုင်းမှာ ပေါ်တာဆွဲခံနေရသည့်သူတွေဆိုရင်လည်း သူတို့ဘက် (ကျေးရွာဥက္ကဋ္ဌ) က ကူညီပေးနိုင်တာ ဘာမှမရှိဘူး” ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းတပ်သား လိုအပ်ချက်အရ ရန်ကုန်အပါအဝင် မွန်ပြည်နယ်အတွင်း နေ့ခင်းပိုင်းတွင်ပင် ပေါ်တာဆွဲဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေသဖြင့် လူငယ်များကြား စိုးရိမ်မှုမြင့်တက်နေသည်။
ယခုကဲ့သို့ ပြည်သူများ ကြုံတွေ့နေရသည့် မတရားမှုများကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဝိုင်းဝန်းဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။




