Homeသတင်းမွန်အမျိုးသားပညာရေးကျောင်းများ ယနေ့ စတင် ကျောင်းအပ်လက်ခံ

မွန်အမျိုးသားပညာရေးကျောင်းများ ယနေ့ စတင် ကျောင်းအပ်လက်ခံ

-

မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းမျာအားလုံး ယနေ့ (မေလ ၂၅ ရက်)တွင် ကျောင်းအပ်လက်ခံလျှက်ရှိပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းဖွင့်သွားမှာဖြစ်ကြောင်း သိရသည်။

ယနေ့ကျောင်းအပ်နှံရာတွင်လည်း အခမဲ့စနစ်ဖြင့် ကျောင်းအပ်နှံပေးလျှက်ရှိပြီး အဆင်ပြေသည့် ရွာအချို့တွင်သာ သတ်မှတ်ထားသည့် ငွေကြေးပမာဏအနည်းငယ် အတိုင်း ကောက်ခံလျှက်ရှိကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ တာဝန်ရှိသူ ဆရာ ထောနိုင်အိမ်းက ပြောသည်။

“ မွန်ပညာရေးဌာနကနေ့ ချမှတ်ထားတာတော့ မရှိပါဘူး၊ ကျနော်တို့ အနေနဲ့ပဲ တစ်နှစ်တာ ကျောင်းအသုံးစရိတ်အတွက်ဆိုပြီး  အဆင်ပြေတဲ့ရွာတွေမှာ ကောက်ခံတာပါ၊ ဆရာတွေကို ဖိအားပေးပြီး ကောက်ခိုင်းတာမျိုးလည်း မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မွန်အမျိုးသားကျောင်းများမှာ ကျောင်းအပ်နှံရန် ကျေးရွာများအတွင်း လှည့်လည် နှိုးဆော်မှုများရှိပြီး ဆရာ၊ ဆရာမ ဦးရေလိုအပ်သည့် ကျောင်းအချို့တွင် ပြန်လည်ဖြည့်ဆည်းရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

မွန်အမျိုးသားကျောင်းမှ ကျောင်းဆရာ၊ ဆရာမများ နောက်ပိုင်းတွင် အလုပ်မှ နှုတ်ထွက်သူ များပြားလာခြင်းကြောင့် ဆရာ၊ ဆရာမအင်အား အားနည်းလာပြီး ယခုပညာသင်နှစ်အတွက် ဆရာဦးရေ လိုအပ်လျှက်ရှိကြောင်း နိုင်လှုံ မွန်အမျိုးသာကျောင်းမှ ဆရာမ မိပိုင်ပရောချမ်းက ပြောသည်။

“ညီမတို့ ကျောင်းမှာ KG ကနေ Grade 7 အထိရှိတာ အဲဒါ ဆရာအင်အား ၆ ယောက်ပဲရှိတာ၊ ဟိုအတန်း ဒီအတန်းခွဲပြီး သင်နေရတာကြာပြီ၊ ဒီနှစ်ဆို ပညာရေးဌာနက ဆရာအင်အား ချပေးနိုင်ရင် ကောင်းတာပေါ့” ဟု ပြောသည်။

လာမည့်ပညာသင်နှစ် အစိုးရအခြေခံပညာကျောင်းများတွင် KG+G 11 စနစ်သင်ရိုးကို စတင်သင်ကြားမည်ဟု ထုတ်ပြန်ထားပြီး မွန်အမျိုးသားအထက်တန်းကျောင်းတွင် G11 အထိ သင်ကြားရန် အစီအစဉ် မချရသေးကြောင်းလည်း သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်မေလ နောက်ဆုံးအပတ်ကို ကျောင်းအပ်နှံရေး သီးတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မွန်အမျိုးသားစာသင်ကျောင်း ၁၃၀ ကျော်ရှိပြီး တက်ရောက်သင်ကြားနေသူဦးရေ ၂ သောင်းကျော် ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts