မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၃)
မွန်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်းတက်လာပြီး ယနေ့တွင် အမြင့်ဆုံးအနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ပရီမီယံဒီဇယ် တစ်လီတာ (၁၉၀၀) ကျပ်၊ အောက်တိန်း ၉၂တစ်လီတာ (၁၈၉၀) ကျပ်နှင့် အောက်တိန်း ၉၅ (၂၀၁၀) ကျပ်အထက်အထိ ထိုးတက်သွားကြောင်း ရေးမြို့နယ်မှ စက်သုံးဆီအရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောပါသည်။
“တစ်နေရာနဲ့ တစ်နေရာတော့ ဈေးနှုန်းတက်တာ မတူကြဘူး။ တစ်ခါတည်း အချိန်နဲ့ တစ်ဖြည်းညီ ဈေးတင်လို့လည်း မရဘူး။ တဖြည်းဖြည်းနဲ့ တိုးပြီး တင်သွားရမယ်။ တစ်ရက်ချင်း ဈေးတက်သွားမယ့် အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်တွင် အောက်တိန်း ၉၅ တစ်လီတာ ၁၈၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၇၁၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၇၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၇၇၀ ကျပ်သာ ရှိခဲ့သည်။
ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်သုံးသပ်တာကတော့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲတွေကြောင့်ပဲ။ တိုက်ပွဲစတဲ့နေ့ကနေ တဟုန်းထိုး ဆီဈေးတွေ ထိုးတက်သွားတယ်။ လက်ရှိကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်းက တစ်ပီပါ ဒေါ်လာ (၁၀၀) ကျော်သွားပြီ၊ တိုက်ပွဲမဖြစ်ခင်ကတည်းက စီးပွားရေးသမားတွေ သုံးသပ်နေတာရှိတယ်။ ရေနံစိမ်းက ဒေါ်လာ (၁၀၀) လောက် တက်သွားနိုင်တယ်။ အခုဆိုရင် ဒေါ်လာ (၁၀၀) က ကျော်သွားပြီ” ဟု ပြောသည်။
လက်ရှိတွင် လျှပ်စစ်မီး ပြတ်တောက်မှု မကြာခန ဖြစ်ပေါ်နေပြီး စီးပွားရေးလုပ်ငန်းအများစုလည်း ကိုယ်ပိုင်မီးစက်ဖြင့် လည်ပတ်နေရကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း စက်သုံးဆီဈေးမြင့်မားမှုကြောင့် အစုအဖွဲ့ပိုင်၊ ကျေးရွာပိုင်၊ ကမ္ပဏီပိုင်ဖြစ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် သုံးစွဲသူနှင့် ဖြန့်ဖြူးသူကြား မီတာနှုန်းထားကြောင့် မကြာခန ပြဿနာဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ်အပါအဝင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း စက်သုံးဆီ တစ်လီလာကို ကျပ် ၂၀၀၀ ကျော်အထိ မြင့်တက်သွားကြောင်း သိရသည်။






