မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေ ၁၀)
ပြင်ပ NGO အဖွဲ့အစည်းများအနေဖြင့် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း သက်ဆိုင်ရာခရိုင်များနှင့် ကြိုတင်သဘောတူညီမှုရယူ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ဒေသခံများနှင့် တွေ့ဆုံပွဲတစ်ရပ်တွင် ရှင်းလင်းပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ မော်လမြိုင်ခရိုင်အတွင်း ဆောင်ရွက်ခဲ့သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ပြီးမြောက်ကြောင်းအထိန်းအမှတ် လူထုတွေ့ဆုံပွဲတစ်ရပ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ဝယ်ကလွန်ကျေးရွာ၌ ကျင်းပရာတွင် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “ပြင်ပ NGO အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ရဲ့ နယ်မြေထဲမှာ ဒေသဖွံ့ဖြိုးရေး ဝင်လုပ်ချင်တယ်ဆိုရင် ကျနော်တို့မွန်ပြည်သစ်ပါတီနဲ့ ကြိုတင်ပြီးလာဆွေးနွေးပါ၊ ပြင်ပအဖွဲ့အစည်းနဲ့ ပါတီတို့ နှစ်ဖက်စလုံး လက်ခံ သဘောတူညီမှုရပါက အကောင်အထည်ဖော်နိုင်ပါတယ်၊ အလှူရှင်တွေဆီက အထောက်အပံ့ရရှိပြီးသားဟာကို ဒီနေရာမှာလာြပီးအကောင်အထည်ဖော်တာမျိုး လာပြီးဆွေးနွေးညှိနှိုင်းတာမျိုး မဖြစ်သင့်ပါဘူး၊ ဘာမှမလုပ်ရသေးခင်မှာ ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ဘယ်လိုအမျိုးအစားတွေကို အကောင်အထည်ချင်တာလဲ မွန်ပြည်သစ်ပါတီရဲ့ ခရိုင်ရုံးတွေမှာ လာပြီးဆွေးနွေးပါ နှစ်ဖက်သဘောတူညီမှုရမယ်ဆိုရင် အလှူရှင်တွေဆီတင်ပြပါ အလှူရှင်တွေဆီက အထောက်အပံ့ရလာတဲ့အခါ ဒေသဖွံ့ဖြိုးရေးအတွက် နှစ်ဖက်စလုံးပူးတွဲပြီး အကောင်အထည်ဖော်သွားကြဖို့ ဆုံးဖြတ်ထားပါတယ်၊ နောက်ပြီး ဒေသဖွံ့ဖြိုးရေးအစီအစဥ်တွေကို ခရိုင်အဆင့်တွေမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိပါဘူး ဗဟိုကပဲ ဆုံးဖြတ်ပေးသွားမှာပါ” ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီဦးဆောင်၍ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မွန်အမျိုးသားစာသင်ကျောင်းအသစ် ၄ ကျောင်းတည်ဆောက်ခြင်း၊ စာကျောင်းအဟောင်း ၄ ကျောင်း ပြန်လည်ပြုပြင်ခြင်း၊ ကျေးရွာနှစ်ရွာအတွက် ရေကန်တည်ဆောက်၍ ရေပိုက်သွယ်တန်းခြင်း၊ အိမ်သာဆောက်လုပ်ခြင်း၊ စာသင်ကျောင်းခြံစည်းရိုးခတ်ခြင်းနှင့် မြေသားလမ်းများ ပြုပြင်ခြင်းတို့ကို ငွေကျပ်သိန်း ၂၅၀၀ ကျော်အကုန်အကျခံခဲ့သည်ဟု မွန်ပြည်သစ်သတင်းစဥ် ဖော်ပြချက်အရ သိရသည်။
“ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ပါတီမှာ မူဝါဒ ၃ ရပ်ချမှတ်ထားပါတယ်၊ တစ်အချက်က ဒေသဖွံ့ဖြိုးရေးအပိုင်းမှာ ကျနော်တို့ပါတီကပဲ ဦးဆောင်ပြီး အကောင်အထည်ဖော်သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်၊ လက်ရှိကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျေးရွာ ၁၂ ရွာမှာဆိုရင် ဆောက်လုပ်ရေးတွေ လမ်းတံတားပြုပြင်တာတွေကို ဒေသခံရွာသားတွေရဲ့ စိတ်ဆန္ဒလိုလားချက်အပေါ်မူတည်ပြီး ကျနော်တို့ပါတီကပဲ ဦးဆောင်အကောင်အထည်ဖော်ပေးခဲ့တာပါ၊ နှစ်အချက်က ဥပမာပြင်ပအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ကြိုက်တဲ့ပုံစံမျိုး လာပြီးအကောင်အထည်ဖော်တာကို ခွင့်မပြုပါဘူး၊ ဥပမာ ကြာအင်ဆိပ်ကြီးမြို့နယ်ထဲကို အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ဒေသဖွံ့ဖြိုးရေးလုပ်မယ်ဆိုပြီး ရွာလူကြီးတွေ ရွာသားတွေ ဘုန်းတော်ကြီးတွေနဲ့ လာရောက်ဆက်သွယ်မယ် ဒါမျိုးတွေကို ကျနော်တို့ပါတီ မလိုလားပါဘူး တားမြစ်ခဲ့တာလည်းရှိပါတယ်၊ အဲဒီလိုပိတ်ပင်ခဲ့လို ရွာသားတွေနဲ့ သံဃာတော်တွေက ကျနော်တို့မွန်ပြည်သစ်ပါတီအပေါ် အမြင်မကြည်လင်တာ မြင်တွေ့ခဲ့ရပါတယ်၊ ဘာဖြစ်လို့ ကျနော်တို့ တားဆီးရပါသလဲဆိုရင် ကျနော်တို့ပါတီနဲ့ တစုံတရာဆွေးနွေးခဲ့ခြင်းမရှိဘဲ သူတို့ကြိုက်သလို လာပြီးအကောင်အထည်ဖော်ရုံလောက်နဲ့ ဒီကိစ္စတွေက ပြီးမြောက်သွားတာမဟုတ်ပါဘူး ဒီဒေသမှာ သူတို့ရဲ့အုပ်ချုပ်ရေးနယ်ပယ်ကို ပိုမိုချဲ့ထွင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျေးရွာဗဟိုပြုစီမံကိန်းတွေချမှတ် အကောင်အထည်ဖော်နေတာမျိုး ရှိပါတယ်၊ ဒါတွေကို ကျနော်တို့ သတိထားဖို့ လိုပါတယ်၊ ဒေသဖွံ့ဖြိုးရေးကိုပဲ မြင်တွေ့နေကြပြီး ကျနော်တို့ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးကိစ္စတွေကို ရိုက်ချိုးပစ်လိုက်မှာကို ကြိုမြင်ထားဖို့လိုပါတယ်” ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။
ထို့အပြင် မွန်ပြည်သစ်ပါတီအနေဖြင့် ယခင်ကာလကတည်းက တည်ဆောက်ခဲ့ပြီးသော ငြိမ်းချမ်းရေးအသီးအပွင့်များ ပျက်စီးဆုံးရှုံးမှုမရှိစေရအောင် မိမိတို့နယ်မြေလက်လွတ်ဆုံးရှုံးမှုမရှိစေဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူလူထုတို့၏ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးနစ်နာမှုများ မရှိစေရအောင် ကြိုးပမ်းလုပ်ဆောင်နရသည်ကို ပြည်သူများ မိမိတို့ပါတီအပေါ် နားလည်သဘောပေါက်စေရန်လိုအပ်ပါကြောင်း၊ စစ်အာဏာသိမ်းစဥ်ကာလတွင်း ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ရပ်တန့်ထားမည်ဖြစ်သော်လည်း အဖွဲ့ဝင်အားလုံးသဘာတူညီခွင့်ပြုချက်အရ NCA အပါအဝင် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်များအတိုင်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပါတီဆက်ဆံရေးရုံးများဖွင့်လှစ်ထားရှိကာ နစကကောင်စီနှင့် ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း ၄င်း၏ ၁၅ မိနစ်ကျော်ကြာမြင့်သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် ဆန်နှင့်စားသုံးဆီဗူးများ များဝေငှပေးခြင်းနှင့် နစကကောင်စီ၏ ထောက်ပံ့မှုဖြင့် Covid 19 ကာကွယ်ဆေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။