Homeသတင်းပြည်တွင်း မတ်ပဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်

ပြည်တွင်း မတ်ပဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၀)

ပြည်တွင်း မတ်ပဲဈေးနှုန်းများ မေလမှ စတင်ကာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တန် ၁၅ သိန်းကျော်ထိ ပေါက်ဈေးရှိလာကြောင်း မွန်ပြည်နယ် ပဲ၊ နှမ်း လုပ်ငန်းရှင်များထံမှ  သိရသည်။

အိန္ဒိယနိုင်ငံ၏ မတ်ပဲ လိုအပ်ချက် မြင့်တက်လာမှု ရှိလာခဲ့ပြီး ဒေါ်လာဈေးလည်း  မြင့်တက်လာသောကြောင့် ဈေးတက်လာခဲ့ခြင်း ဖြစ်ကြောင်း ပဲ၊ နှမ်းလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ က ပြောသည်။

“ဒီနှစ်မှာတော့ ကြည့်ရတာ ပဲဈေး တော်တော်ကောင်းလာတယ်။ အိန္ဒိယမှာလည်း ပဲစိုက်ခင်း အပျက်အစီးရှိတယ်။ မြန်မာကလည်း အလုံအလောက်မရှိဘူး။ နောက်ပြီးတော့ ပြည်တွင်းမှာ ကျပ်ငွေနဲ့ ဒေါ်လာချိန်းတဲ့ဆီမှာ ငွေဖောင်းပွမှုတွေရှိလာတော့ ဈေးတွေက တက်လာတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ပဲစျေးကွက်၌ ပြီးခဲ့မေလတွင် မတ်ပဲ တစ်တန် ၉ သိန်းကျပ် ၊ ဇွန်လတွင် မတ်ပဲ တစ်တန် ၁၀ သိန်းကျပ်၊ ဇူလိုင်လတွင် မတ်ပဲ တစ်တန် ၁၁ သိန်းမှ ၁၃ သိန်းထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ ဩဂုတ်လတွင် မတ်ပဲ တစ်တန် ၁၃ သိန်း ၂ သောင်းထိ ပေါက်ဈေးရှိခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ၁၄ သိန်း ၉ သောင်း ၅ ထောင်ထိ ဆက်လက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ထို့အထူ ရန်ကုန်ပဲဈေးကွက်တွင်လည်း မတ်ပဲ တစ်တန်လျှင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်က ကျပ် ၁၄၈၀၀၀၀ (တစ်ဆယ့် လေးသိန်း ရှစ်သောင်း)ကျော်ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၁,၅၈၀,၀၀၀ (တစ်ဆယ့် ငါးသိန်း ရှစ်သောင်း)ကျော် ဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ကျပ်တစ်သိန်း၀န်းကျင် မြင့်တက်လာကြောင်း ပဲကုန်သည်များက ဆိုသည်။


အိန္ဒိယက မတ်ပဲတန်ချိန် ၂၅၀၀၀၀ (နှစ်သိန်းခွဲ) တိုးမြှင့် တင်သွင်းခွင့်ပြုလိုက်ခြင်းကြောင့် ပြည်တွင်း ပဲစျေးကွက်အတွင်း အဝယ်လိုက်လာကြောင်း၊ အိန္ဒိယအစိုးရမှ မတ်ပဲနှင့် ပဲစင်းငုံ တင်သွင်းခွင့်အား ၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts