Homeသတင်းမူးယစ်ဆေးဝါးထားဝယ်မြို့မှတဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၁၀၀၀ ကီလိုကျော် မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ

ထားဝယ်မြို့မှတဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးဝါး ၁၀၀၀ ကီလိုကျော် မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၁၆)

တနင်္သာရီတိုင်း ထားဝယ်မြို့မှတဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည့် အိုက်စ် Methamphetamine မူးယစ်ဆေးဝါး ၁၀၀၀ ကီလိုကျော် ကျိုက်ထိုမြို့ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိထားကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ CCDAC MYANMAR  ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်တောင်းတံတားဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မြင့်ကို(၅၄)နှစ် မောင်းနှင်၍ ဒေါ်မီမီအေး(ခ)မီမီအေးကျော်(၆၂)နှစ် လိုက်ပါလာသည့် Alphard မော်တော်ယာဉ်မှ ဦးဆောင်ပြီး စိုးသူရ(၃၆)နှစ် မောင်းနှင်၍ မင်းထင်(၅၂)နှစ်နှင့် စောမြင့်(၅၉)နှစ်တို့လိုက်ပါလာသည့် Tipper အဖြူရောင် ၆ ဘီးယာဉ်တို့အား စစ်ဆေးရှာဖွေရာ Tipper မော်တော်ယာဉ်၏နောက်ခန်းတွင် စားသောက်သီးနှံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံ တန်ဖိုးရှိအိုက်စ်(Methamphetamine) ၁,၀၀၀ ကီလို၊ ကက်တမင်း (Ketamine) ၄၇ ကီလိုနှင့် Alphard မော်တော်ယာဉ်အတွင်းမှ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းတို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထို့အတူ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း(ခ)သားသားအား စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ မြန်မာပလာဇာတွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၆ ဦးအား ဥပဒေအရအရေးယူထားသည်။

အဆိုပါဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှ တနင်္သာရီတိုင်း ထားဝယ်မြို့သို့ သယ်ဆောင်၍ ပင်လယ်ရေကြောင်းမှတဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည်ဖြစ်ပြီး ကွင်းဆက်များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်ရှိ ကျိုက်ထို၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်တပ်အပါအဝင် ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့စုံပါဝင်သော လုံခြုံရေးအဖွဲ့တို့က ဖြတ်သန်းလာသည့် မော်ယာဥ်အားလုံးကို နေ့ညအမြဲမပြတ် တားဆီးစစ်ဆေးလျက်ရှိသည်။


အလားတူ တနင်္သာရီတိုင်း ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်က ဝေယံထွန်း(ခ)သွားကြိုး၊ တင်ဦး(ခ) စောဖောခု တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ၉၅ဝ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၂၈.၅ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ထွက်ပြေးတရားခံတစ်ဦးအား ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း CCDAC MYANMAR သတင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts