HomeCovid 19Stay at Home မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်ထား

Stay at Home မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်ထား

-

မွန်သတင်းအေဂျင်စီ (၈ ဇူလိုင် ၂၀၂၁)

မွန်ပြည်နယ်တွင် Stay at Home သတ်မှတ်ခံထားရသော မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ (ဇူလိုင်လ ၈ ရက်) မှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဌာနတာဝန်ရှိသူများထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ် ပညာရေးဝန်ထမ်းတစ်ဦးက “ဒီနေ့ကစပြီး ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ ထက်၊ လယ်၊ မူ စာသင်ကျောင်းတွေအားလုံးကို ပိတ်မယ်လို့ ညွှန်ကြားလာတယ်။ ဒါပေမယ့် အတိအကျ စာထုတ်ပြန်ထားတာတော့ မရှိဘူး။ ကျောင်းပိတ်မှန်းမသိတဲ့ကလေးတွေတော့ ကျောင်းတက်မိနေကြတာ လည်းရှိတယ်” ဟု ပြောသည်။

သို့သော် Stay at Home မဟုတ်သည့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားပြီး အထက်တန်းကျောင်းသားကျောင်းသူများအားလုံး ပုံမှန်နီးပါး တက်ရောက်နေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

သံဖြူဇရပ်မြို့မှ ကျောင်းသားမိဘတစ်ဦးက “အခုလိုပြန်ပိတ်လိုက်တာကလည်း ကောင်းပါတယ်။ ရောဂါအခြေအနေက စိုးရိမ်ရတဲ့အခြေအနေထိ ဖြစ်နေတယ်ဆိုတော့။ ဒါပေမယ့် မိဘတစ်ယောက်နေနဲ့ ကလေးတွေရဲ့ ပညာရေးကို စိတ်ပူမိတာအမှန်ပဲ။ ကလေးတွေ ပြန်ပြီးလေလွင့်သွားမှာလည်း စိုးရိမ်တယ်၊ စာနဲ့ မဝေးရအောင်လည်း အွန်လိုင်းပေါ်သင်ကြားတာတွေကို လေ့လာစေချင်တယ်” ဟု ဆိုသည်။

အလားတူ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအားလုံး ဇူလိုင်လ ၇ ရက်နေ့မှစ၍ ဇူလိုင်လ ၁၆ ရက်နေ့အထိ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားစာ ထုတ်ပြန်ထားသည်။

 ကိုဗစ်-၁၉ရောဂါကူးစက်မှု ဆက်တိုက်မြင့်တက်နေခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ ခု Stay at Home အကျုံးဝင်ကြောင်း မနေ့ည ၈ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး တစ်နိုင်လုံးအနေဖြင့် Stay at Home မြို့နယ်နှင့် ဒေသ ၄၅ ခုရှိလာပြီးဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းအထိ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၀ နီးပါးအထိရှိလာပြီး အတည်ပြုလူနာ ၁၇၀၀ ကျော်ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts