spot_img
Wednesday, May 8, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးအနှစ် ၇၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို နောက်မျိုးဆက်တွေလက်ထဲ မထည့်သင့်တော့ဘူး- ABSDF ဥက္ကဌ ရဲဘော်သံခဲ အင်တာဗျူး

    အနှစ် ၇၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို နောက်မျိုးဆက်တွေလက်ထဲ မထည့်သင့်တော့ဘူး- ABSDF ဥက္ကဌ ရဲဘော်သံခဲ အင်တာဗျူး

    -

    ဗညားအောင်(မွန်သတင်းအေဂျင်စီ ဒီဇင်ဘာ ၁၆)

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ-ABSDF) ဗဟိုကော်မတီစုံညီအစည်းအဝေးအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၇ မှ ၉ ထိကျင်းပခဲ့ပြီး လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တစ်နိုင်ငံလုံး လူမှုအထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် တင်းမာနေသော လက်နက်ကိုင်ပဋိပက္ခများရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ EAOs အကြား အမြန်ဆုံးတွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ပြီးခဲ့သည့်ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်၍ ပန်ကြားလိုက်သည်။

    အဆိုပါ အစည်းအဝေးမှ ထွက်ပေါ်လာသောသဘောထာများအပေါ် ABSDF ဥက္ကဌ ရဲဘော် သံခဲအား မွန်သတင်းအေဂျင်စီမှ ဗညားအောင် ဆက်သွယ်မေးမြန်းခဲ့သည်။

    ဗညားအောင်- ရွေးကောက်ပွဲ အနိုင်ရ NLD ကို ဘာတွေအကြံပြုလိုပါသလဲ၊ ABSDF သဘောထား ဘယ်လိုရှိပါသလဲ?

    ရဲဘော်သံခဲ-မကြာခင်မှာဖြစ်ပေါ်လာမယ့် ၂၀၂၀ အလွန် အစိုးရတွေ လွှတ်တော်တွေအပိုင်းဆိုင်ရာတွေ ပြန်လည်ပြီးဖွဲ့စည်းရတော့မှာဖြစ်ပါတယ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့နိုင်ဖို့ ဒါမှမဟုတ် တိုင်းပြည်အတွက် လိုအပ်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆိုပြီး NLD EC အနေနဲ့ စုဖွဲ့မှုမျိုးလုပ်ဖို့ဆိုပြီး ပြောထားတာရှိတယ် တပြိုင်နက်ထဲမှာပဲ အခြားတိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေကို ဖိတ်ခေါ်ထားတာရှိတယ် ဒါကိုပထမအနေနဲ့ ကျနော်တို့အသိအမှတ်ပြုပါတယ် လက်ခံပေးလိုပါတယ် တပြိုင်နက်ထဲမှာပဲ ကျနော်တို့မြင်တာက အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတာဖြစ်ပါတယ် ဒီကနေ ကျနော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ဖို့ ဦးတည်နေတဲ့ အားလုံးတွေမှာ ဆန္ဒတွေရှိပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ အမှန်တကယ်ဖွဲ့နိုင်မယ်ဆိုရင်လည်း ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နိုင်ရမယ် တိုင်းရင်းသား အခြားသောနိုင်ငံရေးအင်အားစုတွေနဲ့လည်း အကျိုးရှိရှိ လက်တွဲနိုင်ရမယ် ဒီမိုကရေစီအတွက် ဦးတည်မယ်  ဖက်ဒရယ်အတွက် ဦးတည်မယ်  အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း ဦးတည်မယ်ဆိုရင် ဒီကြားထဲမှာ လူချင်းတွေ့ဆုံတာပဲဖြစ်ဖြစ် လက်တွေ့အကောင်အထည်ဖော်တာပဲဖြစ်ဖြစ် တဖက်နဲ့တဖက် အပြန်အလှန် ဂုဏ်သိက္ခာရှိရှိ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့အတွက် ကျနော်တို့ကအကြံပြုတာဖြစ်ပါတယ်။

    ဗညားအောင်-ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ စတဲ့အုပ်ချုပ်ရေးပိုင်းတွေ ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ဘယ်လိုယူဆချက်တွေ ရှိပါသလဲ?

    ရဲဘော် သံခဲ-လက်တွေ့စုဖွဲ့တဲ့အခါမှာ မူသဘောထားတွေကလည်း တကယ့်ကို ခိုင်ခိုင်မာမာရှိမှ ဦးတည်ချက်တွေရှိနေမှပဲ ဒါကိုလုပ်လို့ရမှာဖြစ်ပါတယ် နောက်တစ်ခုက တိုင်းပြည်မှာတကယ်လိုအပ်နေတာကလည်း ပြည်ထောင်စုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေရှိသလို ပြည်နယ်တွေမှာလည်း ထူးခြားတဲ့ဝိဒေသလက္ခဏာတွေ ရှိပါတယ် ကျနော်ပြောချင်တာက ပြည်ထောင်စုရဲ့အကျိုးအတွက်ကော ပြည်နယ်တွေရဲ့အကျိုးအတွက်ကော ဒါကိုထည့်သွင်းစဉ်းစားဖို့လိုတယ် တပြိုင်နက်ထဲမှာပဲ အပိုင်း ၂ ခုကိုစဉ်းစားဖို့လိုပါတယ် အပိုင်းတစ်ခုက ဘာလဲဆိုရင် ဥပဒေပိုင်းဆိုင်ရာကိစ္စ နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စတွေရှိတယ် အဲဒီတော့ မကြာခင်မှာစုဖွဲ့တော့မယ့် ပါလီမာန်မှာရှိတဲ့ကော်မတီတွေ ကော်မရှင်တွေမှာလည်း အခြားသော တိုင်းရင်းသားနိုင်ငံရေးအင်အားစုမဟာမိတ်တွေနဲ့ စုစုစည်းစည်းညီညီညွတ်ညွတ် တိုင်းပြည်အသွင်ကူးပြောင်းရေးကို ဦးတည်နိုင်မယ့် စုဖွဲ့မှုမျိုးတွေ ယုံကြည်မှုတွေ လက်တွဲလုပ်ဆောင်နိုင်မယ့် ချိတ်ဆက်မှုမျိုးတွေ ဖြစ်ဖို့လိုသလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ  အစိုးရပိုင်းဆိုင်ရာမှာလည်း တစ်နိုင်ငံလုံးနဲ့ပတ်သက်တဲ့သမ္မတတွေ ဝန်ကြီးဌာနတွေ ဒီလိုစုဖွဲ့မှုမျိုးတွေမှာလည်း စဉ်းစားဖို့လိုတယ် တဆက်တည်းမှာပဲ လက်တွေ့ကျတဲ့ပြည်နယ်တွေမှာလည်း ဒေသခံနိုင်ငံရေးအင်အားစုတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်နိုင်ဖို့ လိုတယ်လို့ကျနော်တို့ယူဆပါတယ်။

    ဗညားအောင်- လက်ရှိကိုဗစ်ကပ်ရောဂါနဲ့ ရွေးကောက်ပွဲအပြီး ရပ်တန့်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုတိုက်တွန်းလိုပါသလဲ?

    ရဲဘော် သံခဲ- လက်ရှိမြန်မာနိုင်ငံမှာ လူတိုင်းလူတိုင်း မိသားစုတိုင်း အားလုံးအပေါ်မှာ အကယ့်ကိုဖိအားကြီးတစ်ခုရှိပါတယ် Covid-19 ကူးစက်ရောဂါရဲ့အခြေအနေဟာ အားလုံးအပေါ်မှာသက်ရောက်နေတယ် ကျနော်တို့အားလုံး အဲဒီအထွေထွေအကျပ်အတည်းကြီးကို ရင်ဆိုင်နေရတဲ့ကာလဖြစ်ပါတယ် အဲဒီကာလကြားထဲမှာ ပြည်သူ တွေမှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကလည်း အမြန်ချုပ်ငြိမ်းဖို့ လိုပါတယ် အဲဒီလိုချုပ်ငြိမ်းဖို့အတွက် အစိုးရရယ် တပ်မတော်ရယ် သက်ဆိုင်တဲ့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်းရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးညှိနှိုင်းပြီးတော့မှ တိုက်ပွဲတွေရပ်တန့်ဖို့ နောက်တစ်ခုက နိုင်ငံရေးဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ်လုပ်သွားဖို့ နောက်တစ်ခုက တိုင်းပြည်အတွက်လိုအပ်တဲ့ တည်ဆောက်ရေးပိုင်းဆိုင်ရာ နိုင်ငံရေးသဘောတူညီချက်တွေကို အမြန်တည်ဆောက်ဖို့လိုပါတယ် ကျနော်တို့နိုင်ငံဟာ ပဋိပက္ခအင်မတန်ပါးလွယ်တဲ့ နိုင်ငံဖြစ်ပါတယ် ဒါကြောင့်မို့ကျနော်တို့နိုင်ငံမှာ အနှစ် ၇၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်သမိုင်းဟာလည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဖြတ်သန်းလာကြတာ ခုဆိုရင် ကျနော်တို့မျိုးဆက်တောင်မှ ရောက်လာကြပါပြီ ဒီဟာကို နောက်မျိုးဆက်တွေလက်ထဲ မထည့်သင့်တော့ဘူး အထူးသဖြင့် ဒီဟာရဲ့အဖြေဟာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်ကတဆင့် နိုင်ငံရေးရလဒ်နဲ့ တိုင်းပြည်တည်ဆောက်ရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို ဦးတည်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချပေးနိုင်ရင်တော့ ဒီဟာတွေကို အမြန်ဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ် ကျနော်တို့ကတော့ ဒီကနေ့အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့အချိန်ကြပြီ အဓိပ္ပါယ်ပြည့်ဝတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကို အားလုံးအတူတကွဆွေးနွေးကြဖို့ အချိန်ကြပြီလို့ ကျနော်တို့ကတော့ တိုက်တွန်ထားတာဖြစ်ပါတယ်ခင်ဗျ။

    ဗညားအောင်-ဖြည့်စွက်ပြောကြားပေးစေလို?

    ရဲဘော် သံခဲ- ကျနော်တို့တတွေဟာ ဒီအပစ်အခတ်ရပ်စဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြတ်သန်းတဲ့အခါမှာ အခုလိုမျိုးပဲ အစိုးရနဲ့ တပ်မတော်ကြားမှာ သဘောထားကွဲလွဲမှု သဘောထားမညီမျှမှုတွေ တွေ့ခဲ့ရတာလည်း အားလုံးအသိပါပဲ ဒါဖုံးလို့ကွယ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး သို့သော်လည်း ခုလာမယ့် ငြိမ်းချမ်းရေးကော်မရှင်ပဲဆိုဆို ခုလာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အခုလုပ်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့တပ်မတော်ရဲ့ သဘောထားဟာနီးစပ်ရင် ပိုပြီးတော့မှ ဆွေးနွေးပွဲတွေဟာ ပိုပြီးတော့ချောမွေ့နိုင်မယ်ဆိုတဲ့အခြေအနေကို ကျနော်တို့မျှော်မှန်းမိပါတယ် အထူးသဖြင့်က ဆွေးနွေးဘက်တွေကြားမှာ အမြင်သဘောထားတွေ အနီးစပ်ဆုံးစုစည်းနိုင်လေ ဆွေးနွေးပွဲတွေရဲ့အရွေ့ နောက်တစ်ခုက ဆွေးနွေးရမယ့်အခင်းအကျင်းဟာ ပိုပြီးတော့ ကောင်းမွန်လေလို့ ကျနော်တို့မြင်ပါတယ် ဒါတွေက ကျနော်တို့သင်ခန်းစာလည်းပြောနိုင်ပါတယ် တဖက်ကလည်း တိုင်းပြည်အတွက် အတူတကွလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်း အားလုံးတွေ့ဆုံနိုင်တဲ့နေရာဟာလည်း နိုင်ငံရေးဆွေးနွေးပွဲထဲမှာပဲ အမြင်သဘောထားတွေ ညှိရတာဖြစ်ပါတယ် လွှတ်တော်တွင်းဆိုတာပုံစံတစ်ခုပါ ဒါပေမယ့် လွှတ်တော်ပြင်ပမှာတော့ ကျနော်တို့တိုင်းပြည်နဲ့ပတ်သက်တဲ့ အနာဂတ်ဒီမိုကရက်တစ်ပြည်ထောင်စုဆိုင်ရာ ဖက်ဒရယ်မူတွေ ဒီမိုကရေစီစံချိန်စံညွှန်းတွေ နိုင်ငံရေးသဘောတူညီချက်တွေကနေတဆင့် ကျနော်တို့ လက်တွေ့ကျကျ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နိုင်ဖို့ဆိုတဲ့ စုဆုံမှတ်ဟာ နိုင်ငံရေးဆွေးနွေးပွဲပဲရှိပါတယ် ဒီစုဆုံမှတ်မှာပါဝင်တဲ့ အဓိကဆုံးဖြတ်တဲ့ကာယကံရှင်တွေကြားမှာ အမြင်နီးစပ်လေကောင်းလေပဲလို့ ကျနော်ယူဆပါတယ် ဒါကိုဖြစ်ဖို့ကျနော်တို့ တိုက်တွန်းပါတယ်။

    ဗညားအောင်-ခုလိုဖြေကြားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts