Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း“မဲခိုးမဲတိုးတဲ့ ကော်မရှင်အလိုမရှိ” UEC လုပ်ဆောင်ချက်များအား သံဖြူဇရပ်မြို့နယ် USDP ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

“မဲခိုးမဲတိုးတဲ့ ကော်မရှင်အလိုမရှိ” UEC လုပ်ဆောင်ချက်များအား သံဖြူဇရပ်မြို့နယ် USDP ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

-

စိုင်းထွန်းစံ (ဒီဇင်ဘာ ၁၅)

“မဲခိုးမဲတိုးတဲ့ ကော်မရှင်အလိုမရှိ” စသည့်ကြွေးကျော်သံများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏ လုပ်ဆောင်ချက်များအား ဆန့်ကျင်ဆန္ဒထုတ်ဖော်ထုတ်ပွဲတစ်ရပ်ကို သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီဝင်များနှင့် ဝန်းရံသူများက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေး ဖေါ်ထုတ်ပေးရေး ဒို့အရေး၊ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ၊ ကလေးတွေမဲပေးတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိသော ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ နိုင်ငံတော်ငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်း အလိုမရှိ၊ မဲစာရင်း မမှန်တဲ့ ရွေးကောက်ပွဲ အယုံအကြည်မရှိ၊ မဲခိုးမဲတိုးတဲ့ ကော်မရှင် အလိုမရှိ၊ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ဒို့အရေး စသည့်တို့ကို ကြွေးကြော်ကာ မိနစ် ၂၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က UEC ကိုဆန့်ကျင်ကြောင်း ဆန္ဒပြတာပါ။ မှတ်ပုံတင်မရှိတဲ့သူတွေ မဲပေးကြတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေ မဲပေးခွင့်ရကြတယ်။ မဲနှစ်ခါထည့်သွားတဲ့ သူတွေလဲရှိတယ် စသည်ဖြင့် တွေ့နေမြင်နေရတာတွေ ရှိပါတယ်” ဟု သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုးနိုင်က ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးရှေ့တွင် နံနက် ၉ နာရီမှ ၁၀ နာရီအထိ လူဦးရေ ၃၀ ခန့်ဖြင့် ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရသည့်အကြောင်းများတွင် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာ၌ မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ ၃၄၀၂ ဦးရှိသည့်အနက် ဆန္ဒမဲလာရောက်ပေးသူ ၁၅၇၅ ဦးသာရှိသော်လည်း မဲရေတွက်သည့် အခါ ၁၇၇၅ ဦးဖြစ်နေသဖြင့် မဲအရေအတွက် ၂၀၀ ခန့်ပိုနေကြောင်း ဆိုသည်။

ထို့အပြင် သံဖြူဇရပ်မြို့နယ်အတွင်း မဲပေးသည့်ရက်မတိုင်မှီ မဲဆန္ဒရှင်များထံသို့ မဲစလစ်များ အချိန်မီ မရောက်ရှိခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်နီနီသန်းက ဆိုသည်။

ဒေါ်နီနီသန်းက “မဲစလစ်တွေအကုန် လိုက်မပေးကြဘူး။ တာဝန်ခံဆိုသူတွေကို လိုက်မေးတယ် ဘယ်မှာလည်းမဲစလစ်တွေပေါ့ တခြားတစ်ယောက်စီမှာလို့ပြောတယ်။ မဲစလစ်တွေ အစုံအစီမရကြဘူး” ဟု ပြောသည်။

ကျိုက်ခမီမြို့ အောင်သုခရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကိုဗစ်ထောက်ပံ့ကြေးပေးရမည့်နေရာတွင် NLD ပါတီက ထောက်ပံ့ကြေးပေးသည့်ပုံစံ လုပ်ဆောင်ခဲ့သည်ကို တွေရကြောင်း ၎င်းကဆိုသည်။

အလားတူ မွန်ညီညွတ်ရေးပါတီ MUP ကလည်း ရွေးကောက်ပွဲမဲမသမာမှုများအပေါ် သံသယရှိနေပြီး သံဖြူဇရပ်မြို့နယ် မဲရလဒ်များရှင်းရှင်းလင်းလင်းသိလိုသည်ကို UEC က ထုတ်မပေးသဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်သုံးဦးတို့က နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်၌ NLD, USDP, MUP အဓိကပါတီကြီး ၃ ခုအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် NLD ပါတီမှ ဦးမြင့်ဦးက (၂၂၆၃၀) မဲဖြင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) တွင် MUP ပါတီမှ နိုင်လယိတမက (၂၀၆၆၈) မဲဖြင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD မှ ဦးဉာဏ်ဟိန်းက (၃၅၃၃၀)မဲ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD မှ ဒေါ်မြတ်သီတာထွန်းက (၃၅၀၂၈)မဲဖြင့် အနိုင်ရရှိခဲ့ကြောင်း UEC က အတည်ပြုကြေငြာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts