Friday, May 8, 2026
More
    spot_img
    HomeCovid 19CBFQ စခန်းများ အဆင်သင့်ပြင်ထားသော်လည်း မြန်မာအလုပ်သမားများနေရပ်မပြန်နိုင်သေး

    CBFQ စခန်းများ အဆင်သင့်ပြင်ထားသော်လည်း မြန်မာအလုပ်သမားများနေရပ်မပြန်နိုင်သေး

    -

    ရန်လင်းအောင် (မေ ၅၊ မော်လမြိုင်)

    မေလ ၁ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံမှပြန်လာမည့်ရွှေ့ပြောင်းအလုပ်သမားများအတွက် မွန်နှင့် ကရင်ပြည်နယ်အစိုးရတို့က CBFQ စခန်းများ အဆင်သင့်ပြင်ထားသော်လည်း ထိုင်းနိုင်ငံအရေးပေါ်ကာလကို မေလ ၃၁ အထိ ထပ်မံတိုးမြှင့်လိုက်သည့်အတွက် မြန်မာအလုပ်သမားများနေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    မြန်မာသံရုံးမှ ကြေငြာချက်ထုတ်ပြန်မှသာ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ပြန်သင့်ကြောင်း  ထိုင်းမြန်မာအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဒုဥက္ကဌ ကိုသန်းဇော်ထိုက်က ပြောသည်။

    “သံရုံးမှ ကြေငြာချက်ထုတ်မှသာ ပြန်ကြဖို့၊ ဒီအချိန်မှာ ပြန်လို့ရှိရင် အခက်အခဲတွေ ကြုံရတတ်တယ် နောက်တစ်ခုက အရေးပေါ်ကြေငြာထားတယ်လေ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဘယ်မှသွားလို့ မရဘူး အိမ်အပြင် ထွက်လို့ မရဘူး၊ တစ်မြို့နဲ့ တစ်မြို့ သွားလာလို့ မရဘူး တစ်ခရိုင်နဲ့ တစ်ခရိုင် သွားလာလို့ မရဘူး၊ အဲလိုလူတွေ ဘယ်လိုပြန်မှာတုန်း” ၎င်းက ဆိုသည်။

    အရေးပေါ်ကြေငြာချက်အရ ပြည်ဝင်-ထွက်နယ်နိမိတ်များကို မေ ၃၁ ရက်နေ့အထိ ထိန်းချုပ်ထားခြင်း၊ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်ထွက်ခွင့် တားမြစ်ထားခြင်း၊ အကြောင်းပြချက်မရှိဘဲ တစ်ခရိုင်နှင့်တစ်ခရိုင် သွားလာမှုကို တားမြစ်ခြင်း၊ လူစုလူဝေးဖြစ်စေသည့် ပွဲလမ်းသဘင်နှင့် ပါတီပွဲများကျင်းပခြင်းကို တားမြစ်ခြင်း ဖြစ်သည်။

    ထို့အတူ ထိုင်းနိုင်ငံမှ ပြန်ရောက်လာမည့် မြန်မာနိုင်ငံသား ၇ ထောင် ၈ ထောင်ကျော်ကို မွန်ပြည်နယ် CBFQ စခန်း ၅၀ ကျော် ပြင်ဆင်ထားကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြန်မာပြည်တောင်ပိုင်းရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်များနှင့် ယနေ့ပြုလုပ်သည့် Online ဆွေးနွေးပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

    “ခုလောလောဆယ်ဆယ်က ကျွန်တော်တို့က ပြင်ဆင်တဲ့ အချိန်လည်း ပိုရတယ်ဆိုတော့ Facility Quarantine တွေကို ပိုပြီးတော့ စနစ်တကျ လုပ်ဆောင်ထားပါတယ် တစ်ပြည်နယ်လုံးမှာ ၅၃ နေရာမှာ ဝင်ဆံ့မည့်  လူဦးရေ စုစုပေါင်း ၇၈၀၅ ဦးကို လောလောဆယ်ဆယ် ပြင်ဆင်ထားပါတယ် တကယ်လို့ လိုအပ်ရင် ၃ ထောင် ၄ ထောင်လောက်ကို ထပ်ချဲ့ဖို့ အတွက် နေရာတွေ လျာထားပါတယ်” ဟု ၎င်းက ဆိုသည်။

    CBFQ စခန်းများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရှိသည့် ဦးရေဖြင့်သာ ကျန်းမာရေးစောင့်ရှောက်မှု ပေးရမှာဖြစ်သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ဆိုသည်။

    “မော်လမြိုင်က အများဆုံး လူလက်ခံမယ်လို့ သိထားပါတယ် မော်လမြိုင်က ဟိုနေ့က  အစည်းအဝေးလုပ်တယ် ထားမဲ့ နေရာမှာ တစ်ဖွဲ့ဆီ တစ်ဖွဲ့ဆီ ကျန်းမာရေး အဖွဲ့တွေ ထားဖို့ အစည်းအဝေးဆုံးဖြတ်ထားတယ် နယ်မှာကတော့ သက်ဆိုင်တဲ့ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေပြီးတော့ တာဝန်ယူပါလိမ့်မယ် ကျွန်တော်တို့က ရှိတဲ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပေးလို့တော့မရဘူး ရှိတဲ့ ဝန်ထမ်းတွေကျတော့ ပိုပြီးတော့ ပင်ပန်းတာပေါ့” ဟု ၎င်းကဆိုသည်။

    သို့ရာတွင် မည်သည့်နေ့ရက်တွင် အရေအတွက်မည်မျှ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာမည်ကို မသိရှိရသေးသလို လက်ရှိမှာတော့ မေလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ မဲဆောက်မြို့မှ မြဝတီမြို့ကို ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်သား ၁၅၀ ကျော်သာ ရှိသေးကြောင်း သတင်းရရှိသည်။

    Photo- မြန်မာသံရုံးထုတ်ပြန်ချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks