spot_img
Wednesday, December 17, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးရေဖြူမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြေမြှုပ်မိုင်း ၂ လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံ ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိ

    ရေဖြူမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြေမြှုပ်မိုင်း ၂ လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံ ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၁)

    တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြေမြှုပ်မိုင်း ၂ လုံးနင်းမိပေါက်ကွဲသဖြင့် ဒေသခံ ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

    မျောက်ချောရွာမှ နိုင်ဗိုင်က နံနက် ၈ နာရီအချိန်ခန့်တွင် ကလယ်(ဒေသအခေါ်အဝေါ်တစ်ခု)အနီး ရေပိုက်သွားရောက်ပြုပြင်စဉ် မြေမြှုပ်မိုင်းတစ်လုံးနင်းမိသဖြင့် ညာခြေထောက်တစ်ဖက်ဒဏ်ရာရရှိခဲ့ကြောင်း၊  ထို့နောက် နံနက် ၉ နာရီခန့်တွင် နိုင်ဝင်းလှိုင်က အိုင်ရှည်ရွာအနီးရှိလမ်းမပေါ်၌ နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံး နင်းမိပြန်သဖြင့် ခြေထောက် ၂ ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “လူနာတွေကို ဆေးရုံပို့လိုက်ပြီ၊ ဒီဖြစ်စဉ်တွေကို အစိုးရဘက်က သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကို အသိပေးအကြောင်းကြားပြီးပြီ၊ KNU တပ်မဟာ ၄ ကိုလည်း တိုက်ရိုက်အဆက်သွယ်လုပ်နေပါတယ်၊ ကရင်ကျေးရွာအကြီးအကဲတွေကနေတဆင့်လည်း အဆက်အသွယ်လုပ်ပါတယ်” ဟု အဆိုပါ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ဆိုသည်။

    အဆိုပါပေါက်ကွဲမှုဖြစ်စဉ် ၂ ခုလုံးမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သည်ဟု အထက်ပါမွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ဆက်ပြောသည်။

    အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင်လည်း မျောက်ချောကျေးရွာအနီး တောမီးသွားရောက်ငြိမ်းသတ်သည့် ရွာသားတစ်ဦးစီးလာသည့် မော်တော်ဆိုင်ကယ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်း၊ နောက်တစ်နေ့တွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတစ်လုံးကို လမ်းမပေါ်တွင် ရှာဖွေတွေ့ရှိသဖြင့် မွန်ပြည်သစ်ပါတီက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “၂၀၁၇ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းတွေ ဆက်တိုက်ဆက်တိုက် ပေါက်ကွဲခဲ့တယ်၊ သက်ဆိုင်ရာကို ကျနော်တို့ အကူအညီတောင်းလိုက်တာ အကြိမ်ပေါင်း မနည်းတော့ဘူး၊ ဘယ်သူမှ လာရောက်မဖြေရှင်းပေးတဲ့အတွက် ကျနော်တို့လည်း စိတ်အားငယ်တယ်၊ ဒီမြေမြှုပ်မိုင်းတွေ ပေါက်ကွဲနေတဲ့နေရာတဝိုက်မှာ မွန်တိုင်းရင်းသားတွေ အများဆုံး ထိခိုက်ခံနေရတယ်၊ အခြားတိုင်းရင်းသားတွေမရှိသလောက်ပါ၊ အဲဒီမှာဆိုရင် ဥယျာဉ်ခြံပေါင်း လေးရာလောက်ရှိတယ်၊ အခုဟာက မြေမြှုပ်မိုင်းဒဏ် တစ်ယောက်ပြီးတစ်ယောက် ခံနေရတယ်ဆိုတော့ အထိတ်တလန့်ဖြစ်နေကြတယ်၊ ခြံတွေကို မသွားရဲ မလာရဲတဲ့အခြေအနေပါ”ဟု မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံဆွေးနွေးခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီတပ်တည်ဧရိယာနှင့် KNU တပ်ဖွဲ့လှုပ်ရှားသည့်နေရာဖြစ်သော ရေဖြူမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်က ၈ ကြိမ်ထက်မနည်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ပြီး လူ ၅ ဦး ခြေထောက်ဖြတ်လိုက်ရသည်အထိ ဒဏ်ရာဆိုးဝါးစွာထိခိုက်ခံစားခဲ့ရကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    Photo- မြေမြှုပ်မိုင်းဒဏ်ရာရရှိသူ နိုင်ဗိုင်အား ဆေးရုံသို့ပို့ဆောင်စဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts